အမ်းမြို့နယ်တွင် ဆီဘောက်ဆာယာဉ်တစ်စီး ချောက်ထဲထိုးကျရာမှ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

နိရဉ္စရာ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အင်းတောင်အုပ်စု၊ ငပြယ်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာကြား မင်းဘူး - အမ်းကားလမ်းတွင် ဧပြီလ(၂၅)ရက် ညနေ(၄း၃၀)နာရီခန့်က ဆီဘောက်ဆာယဉ်တစ်စီး ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျသွားသောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

မင်းဘူးမှ အမ်းဘက်သို့မောင်းနှင်လာသော ဆီဘောက်ဆာယဉ် (8E/6247)NISSAN အမျိုးအစား လောင်စာဆီဂါလံ(၄၀၀၀)တင်ဆောင်လာသောယာဉ်သည် မိုင်တိုင်အမှတ် ၇၄/၁အရောက်တွင် ကားလမ်း၏ယာဘက်အနက် ပေ(၅၀)ခန့်ရှိ ချောက်ထဲထိုးကျသွားခဲ့သည်။
ဆီဘောက်ဆာယာဉ် ချောက်ထိသို့ ထိုးကျခဲ့မှုကြောင့် ယဉ်မောင်းဖြစ်သူ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နေထိုင်သူ ဦးပြားတင် အသက်(၂၂)နှစ် မှာပွဲချင်းပြီးသေဆုံးသွားသည်။

‘‘ မြို့နယ်ထွေအုပ်က ဖုန်းသတင်းရလို့ အမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၇)ဦးနဲ့ သွားရောက် ကယ်ဆယ် ခဲ့ပါတယ်။ ယဉ်မောင်းကတော့ သေဆုံးသွားပါတယ်။ ယဉ်နောက်ပါတဲ့သူ နှစ်ဦးကတော့ ဒဏ်ရာ အနည်းငယ်ရသွားပါတယ်။ ပဒန်းဆေးရုံမှာ ဆေးကုသနေပါတယ်’’ဟု အမ်းမြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးမိုးဝင်းထွန်း ကပြောသည်။

အမ်းမြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးမိုးဝင်းထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်(၇)ဦးဖြင့် သွားရောက်ရှာဖွေကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်းသိရသည်။

ယဉ်နောက်လိုက်ဖြစ်သူ မြိုင်မြို့နယ်၊ ဗဟင်ကျေးရွာတွင်နေထိုင်သူ ဦးအောင်မြင့် အသက်(၂၃)နှစ်တွင် ၀ဲယာလက်ပွန်းပဲ့ဒဏ်ရာနှင့် လွိုင်ကော်မြို့နယ်တွင်နေထိုင်သူ ယဉ်ကိုယ်စားလှယ် ဦးထွန်းမင်းလတ် အသက်(၂၈)နှစ်တွင် ခါးအောင့်ဒဏ်ရာများရရှိပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒန်းဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်းသိရသည်။

ယဉ်တိမ်းမှောက်မှုကြောင့် ယဉ်ဆုံးရှုံးမှုတန်ဖိုးကျပ်(၁၈၀၀၀၀၀၀)ခန့်နှင့် ယာဉ်ပေါ်ပါ ဆီဆုံးရှုံးမှုတန်ဖိုးကျပ်(၁၂၀၀၀၀၀၀)ဖြစ်ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၃၀၀)ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန စာရင်းအရသိရသည်။

ယဉ်တိမ်းမှောက်မှုနှင့်ပတ်သက်ပြီး ယဉ်မောင်းဖြစ်သူပြားတင်အား အမ်းမြို့မရဲစခန်းမှ(ပ)၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ က/၃၃၇ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara

No comments:

Powered by Blogger.