ဒါလေးဖတ်မိတော့ မြောက်ကိုရီးယားအရေး နဲနဲ စိတ်အေးသွားတယ်
အမေရိန်ကန်နဲ့ မြောက်ကိုရီးယားသတင်းကို အတော်စိတ်ဝင်စားနေကြပုံပဲ။ မေးကြတယ်။ မနေ့က မြန်မာ့ဖေ့စ့်ဘွတ်လောက် စီအင်အင်နဲ့ ဘီဘီစီမှာ မရေးကြပါလို့ဖြေခဲ့တယ်။ နယူးယောက်တိုင်းမ်မှာ ပါတော့ပါတယ်။ ထိပ်တန်းသတင်းမဟုတ်ပါ။
တချို့က စစ်ကြောငြာသလိုလိုအထိပြောလာကြတယ်။ ဘာသတင်းမဆို ဘယ်ကနေလာသလဲသိရမယ်။ ခိုင်မာမှုကို ဆန်းစစ်ရမယ်။ နိုင်ငံရေးသတင်းမှ မဟုတ်ပါ။ ဆေးပညာမှာလည်း မျက်လုံးမျက်ဆံပြူးအောင်ရေးကြတယ်။ ဖြဲခြောက်တာများလွန်းလို့ သူရဲမီဒီယာလို့ ခေါ်ချင်တယ်။ ဆောရီး။
အမေရိကန်နဲ့ မြောက်ကိုရီးယားသတင်းကို ၁၃-၄-၂ဝ၁၇ နေ့ ယူအက် အရှေ့ပိုင်းစံတော်ချိန် မနက် ၆ နာရီ ၂၁ မိနစ်က သည်လိုရေးပါတယ်။
မြောက်ကိုရီးယားမှ နယူကလီယာစမ်းသပ်မှုပြုလုပ်ပါက ယူအက်စ်သည် မြောက်ကိုရီးယားအား သမရိုးကျလက်နက်ဖြင့် ကြိုတင်ပစ်ခတ်ကောင်း ပစ်ခတ်နိုင်သည်ဟု ယူအက်စ်ထောက်လှမ်းရေး အကြီးတန်းအရာရှိတွေက အင်ဘီစီကို ပြောကြားသည်။
မြောက်ကိုရီးယားက အကြီးစားတခု မကြာမီလာမည်လို့ ပြောလိုက်တဲ့နောက်မှာ သတင်းဌာနတွေကလိုက်တာဖြစ်ပါတယ်။
ယူအက်စ်က တိုမဟော့ ခရုစ်စ်ဒုံးကျည်ပစ်ခတ်နိုင်စွမ်းပါတဲ့ ဖျက်သင်္ဘောကြီး နှစ်စီးကို နေရာယူထားတယ်လို့လည်း သတင်းမှာပါတယ်။ တခုက မြောက်ကိုရီးယား နယူကလီယာစမ်းတဲ့နေရာနဲ့ မိုင် ၃ဝဝ သာကွာဝေးတယ်။ ဂူအမ်ကျွန်းမှာလည်း အကြီးစားဗုံကြဲလေယာဉ်တွေနေရာယူထားပြီးရှိနေတယ်။
ပြီးခဲ့တဲ့အပတ်မှာ ပင်တာဂွန် စစ်ဌာနချုပ်ကနေ ယူအက်စ်အက်စ် ကားလ် ဗင်ဆွန် လေယာဉ်တင်သင်္ဘောကြီးကိုလည်း သွားလမ်းလှည့်ထားဘို့ ကြေညာထားသေးပါတယ်။
နေတိုးအစည်းအဝေးမှာ ထွက်လာတဲ့သတင်းတခုက မြောက်ကိုရီးယားကနေ ဆဌမမြောက် နယူကလီယာစမ်းသပ်မှု လုပ်နိုင်တယ်ဆိုတာပါပဲ။
ခိုင်လုံတဲ့ထောက်လှမ်းရေးသတင်းတွေအရ မြောက်ကိုရီးယားမှာ အခုထိ တာဝေးပစ် နယူကလီယာလက်နက် မလုပ်နိုင်သေးပါ။ တိုက်ချင်းပစ်ဒုံးပျံလည်း မစွမ်းသေးပါ။
အမေရိကန်က အဲလိုတိုက်ခိုက်မှုလုပ်ရင် ဒုံးကျည်တွေ၊ ဗုံးတွေ၊ ဆိုင်ဘာနည်းနဲ့ မြေပြင် အထူး အော်ပရေးရှင်းတွေပါ ပါဝင်မယ်လို့ဆိုပါတယ်။ အဲလိုသာဖြစ်ခဲ့ရင် မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို တိုက်ခိုက်နိုင်စရာရှိပါတယ်။ အဲတာကိုလည်း အမေရိကန်က ကောင်းကောင်းသိပါတယ်။ တောင်ကိုရီးယားက ယူအက်စ်အနေနဲ့ သူတို့ကို တိုင်ပင်သင့်တယ်လို့ ဆိုပါတယ်။
ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၇
ည ၈ နာရီ၊ ၄၂ မိနစ်။

No comments: