ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းဘုတ်တပ်ဆင်တဲ့ ကိစ္စ ဒေသခံတွေစိတ်ပျက်
ဧပြီ ၂၇ ရန်ကုန်။ ။ ယခင် သံလွင်တံတား (ချောင်းဆုံ) ကို ပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံတွေရဲ့ ဆန္ဒကိုဆန့်ကျင်ကာ သည်ကနေ့မနက်လေးနာရီခွဲခန့်က ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွှန်း) ဆိုတဲ့ဆိုင်းဘုတ် တပ်ဆင်ခဲ့ခြင်းအပေါ် ဒေသခံမွန်တိုင်းရင်းသားများ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
“အစထဲကဒေသခံ ဆန္ဒကို အသိအမှတ်မပြုတဲ့ ကိစ္စလေ အစိုးရအနေနဲ့အခုလို အသိမပေးလုပ်သွား တဲ့ကိစ္စမှာလည်း ကိုယ့်စိတ်ကိုယ်မလုံတာဖြစ်နိုင်ပါတယ်” လို့ သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ ခြင်းဆိုင်ရာ အမျိုးသားရေးအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီ အဖွဲ့မှ ဦးဆောင်အဖွဲ့ဝင် နိုင်အောင်မွန်ကပြောပါတယ်။သူတို့အနေနဲ့ အခုလိုဖြစ်သွားတဲ့ ကိစ္စမှာ ဝေဖန်မှာမဟုတ်ပေမယ့် အသိပေးခြင်းမရှိဘဲ လုပ်ဆောင်သွားတဲ့ အပေါ် အလွန်ပင်စိတ်ပျက်မိကြောင်း ဆက်ပြောပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တန်းတူရေးတွေကို ကန့်သတ်ချုပ်ချယ်ထားခြင်းမရှိမှ လိုချင်တဲ့ပန်းတိုင်ရောက်မှာဖြစ်ပါတယ်လို့လည်းပြောပါတယ်။
သည်ကနေ့ မနက်လေးနာရီခွဲခန့်က တံတားမှာရှိတဲ့ အလုပ်သမားများနဲ့ ယခင်သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဆိုင်းပုဒ်အမည်ပါနဲ့ ပြောင်းလဲတပ်ဆင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
”ဘုန်းကြီးတို့ ပထမသိထားတာက လာမယ့် ၁ ရက်နေ့မှတံတားဖွင့်ပွဲနဲ့ အကုန်အပြီးစီးလုပ်မယ်ပြောထားတာ အခုလို လူမသိအောင်လုပ်သွားတာတော့ တော်တော်လေးစိတ်ပျက်ပါတယ် အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းလုပ်ပေါ့ စလုပ်ထဲက ဒေသခံတွေကို ခေါ်ယူဆွေးနွေး အကျိုးအကြောင်း ဆွေးနွေးတာ တစ်ခုမှမရှိခဲ့ဘူးလေ” လို့ သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲ ခြင်းဆိုင်ရာ အမျိုးသားရေးအသွင် ဆန္ဒထုတ်ဖော်ရေးကော်မတီ အဖွဲ့မှအဖွဲ့ဝင် ဆရာတော် ဦးဝရဝံသက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ရက်နေ့က ဒေသခံမွန်တိုင်းရင်းသားတွေဟာ တံတားအမည်ပြောင်းလဲခြင်းနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကိုအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။
အဆိုပါ အိတ်ဖွင့်ပေးစာထဲမှာ အဲသည့်လိုတံတားအမည်ပြောင်းလဲခြင်းက တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးကို အသိအမှတ်မပြုရာရောက်နေကြောင်း၊ လူမျိုးစုတစ်စုနဲ့တစ်စုကြား အထင်အမြင်လွဲမှားစေကြောင်း၊နိုင်ငံတကာ လူမျိုးစုအခွင့်အရေး စံချိန်စံညွှန်းများကို ချိုးဖောက်ခြင်း၊ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများရဲ့ အခွင့်အရေးကြေညာစာတမ်းအရ တိုင်းရင်းသားလူမျိုးစုများသည် ဒေသတွင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိနေတဲ့ အတွက် ဒေသခံတိုင်းရင်းသားများရဲ့ သဘောဆန္ဒကို လျစ်လှူရှုခြင်းက လူမျိုးစုအခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အဆိုပါအိတ်ဖွင့်ပေးစာမှာ ထောက်ပြပြောဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းနဲ့ ပတ်သတ်ပြီးတိုက်တွန်းတဲ့အဆိုကိုတင်သွင်းခဲ့ပါတယ်။ မတ်လ၁၄ရက်နေ့ လွတ်တော်အတွင်းမှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲက ၂၁၇ မဲ ၊ ကန့်ကွက်မဲက ၄၃မဲ၊ ကြားနေ ၁၁၆ မဲနဲ့ အမည်ပြောင်းလဲခြင်းအဆိုအနိုင်ရရှိခဲ့ပါတယ်။ Author – ဝင်းနန္ဒာ
Photo Credit-အောင်မွ

No comments: