ပခုက္ကူမုဒိမ်းမှုနှင့် ပတ်သက်ပြီး တရားမျှတမူရှိစေလို



ပခုက္ကူမြို့နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် အမျိုးသမီး ငယ်လေးများ အား ခြိမ်းခြောက် ကာမရယူကာ မုဒိမ်းကျင့်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ရှိစေလိုကြောင်း ကာယကံရှင် တရားလိုအမျိုးသမီးက ပြောသည်။
အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ဧပြီလ ၂၈ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။
တရားလို အမျိုးသမီးဖြစ်သူက ”ဒီအမှုနဲ့ ပတ်သက်ပြီး ကျွန်မကျေနပ်မှု မရှိပါဘူး။ ကျွန်မ ဒီလောက် သက်သေ စုံစုံလင်လင်နဲ့ အကူ အညီတောင်းတဲ့ နေရာမှာ သူရဲ့ နောက်ခံ အသိုင်းအဝိုင်းက ကြီးမားလွန်းတဲ့အတွက် ကျွန်မတို့ သေချာပြတာတောင် မဖြစ်ပါဘူး။ ကျွန်မတို့ မိန်းကလေးတွေရဲ့ အဓမ္မကျင့်ခံရတဲ့ ပုံတွေ ဒီပုံတွေပြပြီး အနိုင်ကျင့်ဖို့သုံးတဲ့ သက်သေခံတွေ၊ မန်မိုရီကတ်ပေါင်း များစွာထဲမှာ ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ပုံတွေ သိမ်းပေးပါလို့ ပြောတာကို သူရဲ့ လက်ကိုင်ဖုန်းပဲ ဟန်ပြသိမ်းပြီးတော့ သူ့ဖုန်းထဲမှာ ဘာမှမရှိဘူးပြော တယ်။ ဒါကို လက်မခံပါဘူး။ ဒီအတွက် မျှတမှုဖြစ်စေချင်တယ်” ဟု ပြောသည်။
တရားလို အမျိုးသမီးဖြစ်သူနှင့် ကျူးလွန်သူသည် လွန်ခဲ့သည့် ၄ လကျော်ခန့်က ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် သိရှိခဲ့ကြောင်း၊ တရားလို အမျိုးသမီးဖြစ်သူ၏ မိတ်ဆွေ ဆေးရုံတက်ရန် အကူအညီလိုသည့်အတွက် ကျူးလွန်သူသည် ပရဟိတ လုပ်ဆောင်သူ ဖြစ်သဖြင့် အကူအညီ တောင်းရာမှ တစ်ဆင့် မုဒိမ်းမူအား ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုသို့ ကျူးလွန်ပြီးနောက် အမျိုးသမီးငယ်၏ ဓာတ်ပုံများ ရိုက်ယူထားပြီး အဆိုပါ ဓာတ်ပုံများအား တရားလို အမျိုးသမီး နေထိုင်ရာ ရွာသို့ဖြန့်မည်ဟု ခြိမ်းခြောက်ကာ အတင်းအဓမ္မ ကာမရယူခြင်း လုပ်ခဲ့ကြောင်း တရားလို အမျိုးသမီးက ပြောသည်။
ထိုသို့အကြိမ်များစွာ ပြုကျင့်ခံရသည့်အတွက် တရားလို အမျိုးသမီးဖြစ်သူ ရုန်းထွက်လိုသည့်အတွက် ဖေ့စ်ဘုတ်လူမူကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြည်ပရှိ အမျိုးသမီးတစ်ဦး အကူအညီရယူကာ ကြိုးပမ်းခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ထိန်းသိမ်းနိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ထိန်းသိမ်း ခံရသော်လည်း ကျူးလွန်သူမှာ နောက်ခံ အသိုင်းအဝိုင်း အားကောင်းသည့်အတွက် သူမအမှုအား တိမ်မြုပ်ပျောက်ကွယ် လုပ်ဆောင်နေခြင်းများ ရှိသည့်အတွက် ယခုကဲ့သို့ ရန်ကုန်မြို့သို့ လာရောက်ကာ သတင်းစာရှင်းလင်းခြင်း ဖြစ်ကြောင်းပြောသည်။
ကျူးလွန်သူသည် တရားလို အမျိုးသမီး မိန်းကလေးကဲ့သို့ အခြားသော အမျိုးသမီး ငယ်လေးများ၏ အားနည်းချက်ကို အသုံးချပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခြင်းကို လုပ်ဆောင်ခြင်းများ ရှိကြောင်း၊ အမျိုးသမီးငယ်များ၏ ဓာတ်ပုံကို အသုံးချပြီး အကြိမ်ကြိမ် ပြုကျင့်နိုင်ရန် ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်ခြင်းများ ရှိကြောင်း တရားလို အမျိုးသမီးဖြစ်သူက သတင်းစာ ရှင်းလင်းရာတွင် ပြောသည်။
တရားလိုအမျိုးသမီးက “ကျွန်မ ဒီလောက်ကြီးလုပ်ပြီးမှတော့ နောက်ဆုတ် သွားဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မ ဒီလိုလုပ်မှသာလျှင် နောက်ထပ် မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရော အခုကြုံနေရတဲ့ မိန်းကလေးတွေကို ကယ်တင်ရာ ရောက်မယ်။ သူတို့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ရင် ပြောသွားမှာ ဖြစ်တယ်”ဟု ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး မျိုးဇော်ထွေးဆိုသူအား (ပ)၂၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ပခုက္ကူမြို့မ ရဲစခန်းက ထိန်းသိမ်း အရေးယူ ထားကြောင်း သိရသည်။
စိုင်းဟန်
The Ladies News

No comments:

Powered by Blogger.