အာဆင်နယ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ဘာလုပ်ရမလဲ အာစင်ဝင်းဂါး ပြောပြီ

ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် အာဆင်နယ်အသင်းမှာ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ၃၁ ပွဲကစားပြီးနောက် လက်ကျန် ၇ ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ မန်ယူ၊ မန်စီးတီးအသင်းတွေထက် တစ်ပွဲလျော့ ကစားထားပေမယ့် လက်ကျန်ပွဲအားလုံးကို အလွဲအချော်အဖိတ်အစင်မရှိအောင် စွမ်းဆောင်နိုင်မှ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့်အကြောင်း အာစင်ဝင်းဂါးက ပြောကြားလိုက်တာဖြစ်ပါတယ်။ ယခုတစ်ပတ် ကြားရက်အတွင်း ကစားမယ့်ပွဲစဉ်အချို့မှာ အာဆင်နယ်အသင်းက လက်စတာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အက်ဖ်အေဖလားမှာ ဗိုလ်လုပွဲ ရောက်သွားခဲ့ပြီဆိုပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ အာဆင်နယ်က အဆင့်-၆ နေရာမှာသာ ရပ်တည်လျှက်ရှိပါတယ်။ " အခု ကျွန်တော်တို့ အသင်းဟာ လက်ကျန်ပွဲတွေကို အကောင်းဆုံးကစားဖို့လိုနေပါပြီ။ အဆင့်-၄ အတွင်း ပြန်ဝင်ဖို့ပေါ့။ ချန်ပီယံလိဂ် ဝင်ခွင့်က အခွင့်အရေးရှိနေဆဲပါ။ ဒါပေမယ့် ရာသီကုန်အထိ ကျွန်တော်တို့ အကောင်းဆုံးရလဒ်တွေချည်း ဖြစ်နေဖို့ လိုတယ်" လို့ အာစင်ဝင်းဂါးက လက်စတာနဲ့ ပွဲမတိုင်ခင် ပြောလိုက်တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ လက်ရှိပစ်မှတ်က လက်ကျန် ပရီးမီးယားလိဂ် ၇ ပွဲလုံးကို အနိုင်ရဖို့ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ " မစ်ဒယ်ဘရော့နဲ့ ပွဲမှာကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ အခု လက်စတာနဲ့ပွဲမှာလည်း ဒီပုံစံ ဆက်ထိန်းသွားမယ်" ဆိုပြီး ဆက်ပြောပါသေးတယ်။
Source : Mirror

No comments:

Powered by Blogger.