ခြင်္သေ့လှောင်အိမ်ထဲ ခုန်ချပြီး သေကြောင်းကြံခဲ့တဲ့ အမျိုးသားကြောင့် ခြင်္သေ့များသေဆုံး
ချီလီနိုင်ငံ ဆန်တီရာဂိုမြို့ တိရစ္ဆာန်ရုံ တွင် လူတစ်ဦးရဲ့ မဆင်မခြင် မိမိကိုယ်ကို သတ်သေမှုကြောင့် တိရစ္ဆာန်ရုံမှ ခြင်္သေ့ ၂ ကောင် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။အသက် ၂၀ အရွယ်ရှိသူ ဖရန်ကို လူးဝစ် ဖာရန်ဒါ (Franco Luis Ferrada Roman ) အမည်ရှိသူ လူတစ်ယောက်ဟာ ခြင်္သေလှောင်အိမ်အမိုးမှနေ၍ အ၀တ်အစားများ ချွတ်ကာ ခြင်္သေ့ လှောင်အိမ်ထဲ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပေမဲ့ သူကတော့ မသေဘဲ ခြင်္သေ့ နှစ်ကောင်သာ သေဆုံးခဲ့ပါတယ်။ဖာရန်ဒါဟာ ခြင်္သေ့လှောင်အိမ် အမိုးကို ချိုးဖျက်ပြီး အ၀တ်အစားများချွတ်ကာ ခြင်္သေ့လှောင်အိမ်ထဲခုန်ချပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့တာ ဖြစ်ပေမဲ့ သူ့ရဲ့ လုပ်ရပ်ဟာ တခြားသော တိရစ္ဆာန်ရုံ အလည်လာသူများကို ကြောက်ရွံစေခဲ့ပါတယ်။
ဖာရန်ဒါဟာ အ၀တ်များကို ချွတ်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ ခြင်္သေ့များကို ဆွဲဆောင်ရန် ဖြစ်တယ် လို့သိရပြီး ခြင်္သေ့များက နောက်ပိုင်းသူ့ကို ခုန်အုပ် ကိုက်ဖဲ့တဲ့ အခါမှာ ဖာရန်ဒါဟာ ဘုရားစာတွေကို အကျယ်ကြီး အော်ဟစ်နေခဲ့တယ် လို့သိရပါတယ်။
မျက်မြင်သက်သေ တစ်ဦးဖြစ်သူ စင်သီယာ ဗက်စ်ကွဇ်ကတော့ ” သူဟာ ပထမ ခြင်္သေလှောင်အိမ်ထဲကို အမိုးမှ ၀င်လာခဲ့တာ ဖြစ်ပြီး ခြင်္သေ့များက သူ့ကို အစက ဆော့ကစားနေပေမဲ့ နောက်ပိုင်းကျတော့ ကိုက်ဖဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ ထိုလူဟာ ဘုရားစာ တွေ အော်ဆို ခဲ့ပါတယ်။တိရစ္ဆာန်ရုံကို လာရောက်လည်ပါတ်တဲ့ လူတွေအများအပြားရှိနေကြပြီး မိဘများက သူတို့ရဲ့ သားသမီးကို ဒီမြင်ကွင်း မမြင်စေချင်လို့ မျက်လုံးတွေကို အုပ်ပေးထားကြပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။
သို့ပေမဲ့ ဖာရန်ဒါဟာ မိမိကိုယ်ကို သေကြောင်းကြံခဲ့ပေမဲ့ သူကတော့ မသေခဲ့ဘဲ ခြင်္သေ့ ၂ ကောင်သာသေဆုံးခဲ့ရပါတယ်။တိရစ္ဆာန်ရုံ အုပ်ချုပ်သူ ဖြစ်သူအဲလက်ဂျန်ဒါရာ မွန်တယ်ဗာကတော့ ” ဖာရန်ဒါဟာ တိရစ္ဆာန်ရုံ ထဲကို လက်မှတ်ဝယ်ယူပြီး ၀င်လာခဲ့တာ ဖြစ်ပါတယ်။နောက်မှာတော့ သူဟာ အများပြည်သူတွေ သွားရောက်ဖို့ တားမြစ်ထားတဲ့ နေရာကို ကျော်ဖြတ်ခဲ့ပြီး ခြင်္သေ့လှောင်အိမ် အမိုးကို ဖောက်ပြီး ၀င်ရောက်ခဲ့ပါတယ်။ကျွန်မတို့ တိရစ္ဆာန်ရုံမှာ အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပြီး အများပြည်သူရဲ့ အသက်ဟာ ကျွန်မတို့အတွက် အရမ်း အရေးကြီးပါတယ်။ခြင်္သေ့တွေက သူ့ကို ကိုက်ဖဲ့နေတဲ့အခါမှာ မေ့ဆေးသေနတ်တွေကလည်း အလွယ်တကူ မရှိတာနဲ့ သေနတ်နဲ့ပဲ ပစ်သတ်ခဲ့ရပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

No comments: