သမိုင်းလမ်းဆုံ မီးပွိုင့် အနီးတွင် အငှားယာဉ်မောင်း တစ်ဦးအား YBS ယာဉ်မောင်း က သံတုတ် ဖြင့် ရိုက်နှက်မှုဖြစ်ပွား
သံတုတ် ဖြင့် အရိုက်ခံရသည့် ဦးဗိုလ်အောင်ကြည် အား ဧပြီ ၂၅ ရက် ညပိုင်းက တွေ့ရစဉ်
မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံ မီးပွိုင့် အအနီး၌ အငှားယာဉ်မောင်းတစ်ဦးအား YBS ယာဉ်မောင်း က သံတုတ် ဖြင့်ရိုက်နှက်မှု ဧပြီ ၂၅ ရက်ညပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၅ ရက်ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်နေ ဦးဗိုလ်အောင်ကြည် (၄၄ နှစ်) သည် အငှားယာဉ် အား မင်းဓမ္မလမ်းဘက်မှ ကျိုက်ဝိုင်းဘုရားလမ်း ဘက်သို့ မောင်းနှင်လာခဲ့ကြောင်း၊ ထိုသို့မောင်းနှင်လာစဉ် ကျိုက်ဝိုင်းဘုရားလမ်း၊ သမိုင်းလမ်းဆုံ မီးပွိုင့်အနီးတွင် အမှတ် (၆၁) YBS ခရီးသည်တင် ယာဥ်၏ ရှေ့သို့ဖြတ်ကာ မောင်းနှင်ခဲ့ကြောင်း၊ ထိုအချိန်တွင် အမှတ် (၆၁) YBS ခရီးသည်တင်ယာဉ် မှ ယာဉ်မောင်းက ဦးဗိုလ်အောင်ကြည် အား ရိုင်းစိုင်းစွာဆဲဆိုခဲ့ကြောင်း၊ ယင်းသို့ ဆဲဆိုသည့်အချိန်တွင် ဦးဗိုလ်အောင်ကြည်က ယာဉ်တံခါးအားဖွင့်၍ မဆဲဆိုရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုသည့်အချိန်တွင် အမှတ် (၆၁) YBS ခရီးသည်တင်ယာဉ်မောင်းက သံတုတ်ဖြင့် ဦးဗိုလ်အောင်ကြည် အား ရိုက်နှက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်က မင်းဓမ္မလမ်းဘက်ကနေ ကျိုက်ဝိုင်းဘုရားဘက် ကို တစ်ယောက်တည်း မောင်းလာတာပါ။ အဲဒီလိုမောင်းလာရင်း ကျိုက်ဝိုင်းဘုရားလမ်း၊ သမိုင်းလမ်းဆုံ မီးပွိုင့် အနီးလည်းရောက်ရော YBS ခရီးသည်တင်ယာဉ် က ခရီးသည် တင်ချလုပ်နေတယ်။ အဲဒါနဲ့ ကျွန်တော် လည်း သူ့ရှေ့မှာလွတ်တော့ ကား ၀င်ထိုးလိုက်တာ။ ကား ၀င်ထိုးမောင်းတဲ့အချိန်မှာ အဲဒီ YBS ပေါ်က ယာဉ်မောင်းက ကျွန်တော်ကို ကိုယ့်လမ်းကြောင်းကိုယ် မောင်းပါလား။ ဘာဖြစ်နေတာလဲလို့ပြောပြီး ဆဲဆိုတယ်။ အဲဒီအချိန်မှာ ကျွန်တော် လည်း ကားတံခါးကိုဖွင့်ပြီး သူ့ကို ဘာလို့ဆဲတာလဲလို့ မေးလိုက်တယ်။ မေးတဲ့အချိန်က သူက ကား ပေါ်က သံတုတ် ကိုင် ဆင်းလာပြီး ကျွန်တော့်ကို ရိုက်တယ်။ စရိုက်တဲ့အချိန်မှာ ကျွန်တော် က လက်နဲ့ကာလိုက်တယ်။ လက်နဲ့ကာတော့ ကျွန်တော်ပုဆိုးက ကျွတ်သွားတယ်။ ကျွတ်တော့ ကျွန်တော်လည်း ပုဆိုး ကို ကိုင်လိုက်တဲ့အချိန်မှာ သူကကျွန်တော်ခေါင်းကို လေးချက်လောက် ရိုက်သွားတာပါ။ ယာဉ်မောင်း နောက်မှာတော့ စပယ်ယာနှစ်ယောက်လောက် ပါမယ်ထင်တယ်။ စပယ်ယာတွေကတော့ ဘာမှမလုပ်သွားပါဘူး။ ယာဉ်မောင်း ပဲ ကျွန်တော့်ကို ရိုက်သွားတာပါ” ဟု ရိုက်နှက်ခံရသည့် ဦးဗိုလ်အောင်ကြည် က ပြောကြားသည်။
ထိုသို့ ရိုက်နှက်ပြီးသည့်အချိန်တွင် အမှတ် (၆၁) YBS ခရီးသည်တင်ယာဉ်မှာ ရန်ကုန်-အင်းစိန် လမ်းမကြီးအတိုင်း ကုလားဘုရားကျောင်း မှတ်တိုင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သံတုတ်ဖြင့် အရိုက်ခံရသဖြင့် ဦးဗိုလ်အောင်ကြည် မှာ ဦးခေါင်းချိုစောင်းပေါက်ပြဲ ဒဏ်ရာ၊ ညာလက်မောင်းညိုမဲဒဏ်ရာနှင့် ၀ဲလက်ကောက်ဝတ် နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဘုရင့်နောင် နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “အရိုက်ခံရတဲ့သူက ဦးခေါင်း၊ လက်တွေမှာ ဒဏ်ရာတွေ ရရှိပါတယ်။ ရိုက်သွားတဲ့ ယာဉ်မောင်းကိုတော့ လက်ရှိမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိဖို့ ဆက်လက် စစ်ဆေးဆောင်ရွက်နေပါတယ်” ဟုပြောကြားသည်။
Credit : Eleven media

No comments: