လေပြွန်ရောင်ခြင်း (Bronchitis) အကြောင်း သိကောင်းစရာ ..!
အခုတစ်လော လည်ချောင်းထဲမှာ တစ်ဆို့ကြီးဖြစ်နေလို့ ဘာကြောင့် ခဏခဏဖြစ်နေတာလဲ။ ဘာတွေ လုပ်ရမလဲ။ ဘာတွေ ရှောင်ရှားရမလဲဆိုတာ သိချင်တာနဲ့ ခင်မင်ရတဲ့ ဆရာဝန်တစ်ယောက်နဲ့ မေးမြန်းမိ ပါတယ်။ လေပြွန်ရောင်တဲ့ လက္ခဏာများလားပေါ့။ ဘာကြောင့် လေပြွန်ရောင်ရသလဲ။ တကယ်လို့ လေပြွန်ရောင်လာခဲ့ရင် ဘာတွေလုပ်ရမလဲ နောက် ဘာတွေလိုအပ်မလဲဆိုတာ သိရှိခဲ့ရတဲ့
အတွက် သင်လည်း တကယ်လို့သာ ဒီလို ခံစားခဲ့ရမယ်ဆိုရင် ကြိုတင်ပြင်ဆင်နိုင်အောင်လို့
မေးမြန်းထားသမျှ ပြန်လည် မျှဝေလိုက်ရခြင်းပင် ဖြစ်ပါတယ်။
လေပြွန်ရောင်ခြင်းဆိုသည်မှာ အဆုတ်အတွင်း လေဖြတ်သန်းရာ လမ်းကြောင်း တစ်လျှောက်ရှိ အချွဲမြှေးလွှာ (mucous membrane) ရောင်ရမ်းခြင်းကို ခေါ်ပါတယ်။ လေပြွန်ပတ်လည်ရှိ အချွဲမြှေး
ရောင်ရမ်းခြင်းနဲ့အတူ ချွဲသလိပ်များပြားလာခြင်းကြောင့် လေပြွန် ကျဉ်းမြောင်းလာ၍ ချောင်းဆိုး သလိပ် ထွက်လာပြီး မောလာတတ်ပါတယ်။ လေပြွန်ရောင်ခြင်းကို
1. လတ်တလော လေပြွန်ရောင်ခြင်း (acute bronchitis) နဲ့
2. နာတာရှည် လေပြွန်ရောင်ခြင်း (chronic bronchitis) ဟု ခေါ်ဝေါ် သတ်မှတ်ထားပါတယ်။
လတ်တလော လေပြွန် ရောင်ခြင်းဆိုသည်မှာ အချိန် ကာလ ၆ ပတ် ထက် လျော့နည်း ပြီး လေပြွန်
ရောင်ခြင်းကို ခေါ်ပြီး အသက် ရှူလမ်းကြောင်း ပိုးဝင် မှုကြောင့် ဖြစ်ပေါ် ပါတယ်။ ၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင်မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်။ လက္ခဏာများကတော့ ချွဲသလိပ် ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေ အားလျော့ လာခြင်း တို့ ဖြစ်ပေါ်
တတ်ပြီး အချို့ မှာ ဖျားလာ ခြင်း နဲ့ အသက် ရှူရာ တွင် ရင်ကျပ် ပြီး ၀ီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်။ ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွား သူများတွင်လည်း လေပြွန်ရောင်ခြင်း ဖြစ်ပေါ်တတ်ပြီး
ပန်းနာကြောင့် လေပြွန်ရောင်ခြင်း (Asthmatic Bronchitis) လို့ ခေါ်ပါတယ်။ လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ်ပါက
• အိမ်တွင် လုံလောက် စွာ အနားယူပါ။
• အရည် များများ သောက်ပေးပါ။
• ဆေးလိပ် လုံးဝ မသောက်ပါနဲ့။
• ဖျားနာ ကိုက်ခဲခြင်းရှိပါက ပါရာစီတမော သောက်နိုင်ပါတယ်။
• ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သောက်သုံးပါ။
• ချွဲမထွက်လျှင် (သို့) ချွဲနည်း သွားလျှင် ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) သောက်နိုင် ပါတယ်။
• များသောအားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သဖြင့် ပဋိဇီဝဆေး (Antibiotic) များ မလို အပ်ပါ။ ဘက်တီး ရီးယားကြောင့် ဖြစ်ပါက သင့်တော်သော ပဋိဇီဝ ဆေးလိုအပ်ပါတယ်။
ပုံမှန် ကျန်းမာသောသူ များမှာ လတ်တလော လေပြွန် ရောင်ပြီး နောက် ပုံမှန် လေပြွန် အခြေအနေ သို့ ပြန်ရောက်နိုင်ပါတယ်။
နာတာရှည် လေပြွန် ရောင်ခြင်းဆိုသည်မှာ ချောင်းဆိုးခြင်းဟာ တစ်နှစ် မှာ ၂ လ မှ ၃ လ ဆက်တိုက် ဆိုးပြီး အနည်းဆုံး နှစ်နှစ်ထိ ဖြစ်ပွားခြင်းကို ခေါ်ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ နာတာရှည် လေပြွန် ရောင်ခြင်းရဲ့ အဓိကအကြောင်းတစ်ရပ် ဖြစ်ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်းဟာ အကြောင်း အမျိုးမျိုး ပေါ် မူတည်ပြီး ဖြစ်ပွားတတ်ပါတယ်။ ပိုးဝင် လေပြွန်ရောင်ခြင်း မကြာခဏ ဖြစ်လျှင်သော်လည်းကောင်း၊ အသက်ရှူလမ်းကြောင်းတစ်လျှောက်
အမှုန်အငွေ့ တစ်မျိုးမျိုး ကြာရှည်စွာ ထိတွေ့နေရလျှင်သော် လည်းကောင်း လေပြွန် အချွဲ မြှေးလွှာ အမြဲ ရောင်ရမ်းပြီး လေပြွန် မွှေးမျှင် (Cilia) များ ပျက်စီးကာ နာတာရှည် လေပြွန်ရောင်ခြင်း
ဖြစ်ပေါ်စေပါတယ်။ ကျောက်မီးသွေး မိုင်းလုပ်သားများ၊ သီးနှံ ဆွတ်ခူးရသူများ၊ သတ္တု လုပ်ငန်း လုပ်ကိုင်သူများသည် အခြားသူများထက် နာတာရှည် လေပြွန်ရောင်ခြင်း ပိုမို ဖြစ်ပွားကြောင်း
တွေ့ရ ပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း ဖြစ်ပွားလျှင်
• ဆေးလိပ် လုံးဝ ဖြတ်ရပါမယ်..
• ဆရာဝန် ညွှန်ကြားမှု မရှိပဲ ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) များကို မသုံးရပါ။ ချွဲပျော်ဆေး (Expectorant) များကို အသုံးပြုနိုင်ပါတယ်။
• လေပြွန်ကျဉ်းမြောင်းခြင်း (Bronchoconstriction) ဖြစ်ပေါ်ပါက လေပြွန်ကျယ်ဆေး (Bronchodilator) နဲ့ စတီး ရွိုက်ဆေး (Steroid) များကို အသုံး ပြုနိုင် ပါတယ်။
• သလိပ် အရောင်ပြောင်းခြင်း၊ ပုံမှန်ထက်များလာခြင်း ဖြစ်ပေါ်ပါက သင့်တော်သော ပဋိဇီဝ ဆေးကို (၅) ရက်မှ (၁၀) ရက်ထိ သောက်ရပါမယ်။
လေပြွန်ရောင်ခြင်း မဖြစ်စေရန် ဆေးလိပ် မသောက်ရပါ။ မိမိ နေအိမ်တွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ် ရပါမယ်။
လူထူထပ်သော၊ အခိုးအငွေ့ များသော၊ ဖုံမှုန် ထူထပ်သော နေရာများကို ရှောင်ရှား ရပါမယ်။
အအေးမိဖျားနာပါက လုံလောက်စွာ အနားယူပါ။ ဆရာဝန် ညွန်ကြားသည့်ဆေးကို လိုက်နာ သောက်သုံးပါ။
အာဟာရ ပြည့်ဝ စွာစား သုံးပါ။ မကြာခဏ လက်ဆေးပါ။ အစာအသောက် အသုံး အဆောင် ပစ္စည်းများ မျှဝေ သုံးစွဲခြင်းရှောင်ကြဉ်ပါ။
နာတာရှည် လေပြွန်ရောင်သူများဟာ အေးသောရာသီတွင် နွေးထွေးစွာ ၀တ်ဆင် ခြင်းဖြင့် အအေးမမိအောင် ကာကွယ်နေထိုင်ပါ။
နမိုး နီးယား ကာကွယ်ဆေး(Pneumonia Vaccine)၊ တုပ်ကွေး ကာကွယ်ဆေး (Flu Vaccine) များကို ထိုးနှံထားပါ။ အစရှိသဖြင့် ကာကွယ်နေထိုင်သင့်ပါကြောင်း သိထား သမျှ ပြန်လည်ရေးသား လိုက်ရပါတယ်။
အားလုံး အဆုတ် ရောဂါ အပေါင်းမှ ကင်းဝေးကြပါစေ...။
Credit:Yamin Aye ( Myanmar-Network)

No comments: