ခိုးယူငွေ ကျပ်သိန်းတရာနှင့်ဆိုင်ကယ်ဝယ်၊ ဘုရားဖူးထွက်သည့် လူငယ်များကို ဖမ်းမိ
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ (၁၅) ရပ်ကွက်ရှိ နေအိမ် တစ်အိမ်မှ ခိုးယူခဲ့သည့် ငွေကျပ် သိန်းတစ်ရာကျော်ဖြင့် ဆိုင်ကယ် များဝယ်ယူပြီးနောက် ကျိုက်ထီးရိုးဘုရားဖူးထွက်ခဲ့ကြသည့် အသက် ၂၀ ခန့်ရှိ လူငယ်ရှစ်ဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
ရွှေပေါက္ကံနယ်မြေရဲစခန်းမှ ရဲအုပ်တင်ဝင်းထွန်းနှင့်အဖွဲ့သည် အဆိုပါရပ်ကွက်နေသူများဖြစ်သည့် စိုးမင်းသန်း (ခ)ဖြိုးေ လး (၂၂) နှစ်၊ ဇော်ထက်(ခ)စိုးထွန်းအေး (၁၇) နှစ်၊ ဝိုင်းချစ် (၁၅) နှစ်နှင့် ကိုခန့်(ခ)ခန့်သူထွန်း (၁၅) နှစ်တို့ကို ခိုးမှု မသင်္ကာဖြင့် ဧပြီ ၂၁ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သန်းဇော်အောင်(ခ)သားဇော်(ခ)မိုးထက်ဇော် (၁၇) နှစ်၊ မင်းအုပ်စိုး(ခ)ကုလား (၁၇)နှစ်၊ နိုင် မင်းအောင် (၁၅) နှစ်နှင့် ကျော်ဇင်လင်း (၁၅) နှစ်တို့သည် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) ညနေ ၃ နာရီခန့်တွင် အဆိုပါ ရပ်ကွက် ကျွန်းရွှေဝါလမ်းရှိ သော့ခတ်ထားသည့် နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ငွေကျပ် ၁၁၅ သိန်းကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
ထို့နောက် စိုးမင်းသန်းပါ လေးဦးနှင့်အတူ ဆိုင်ကယ်များဝယ်ယူကာ ကျိုက်ထီးရိုးဘုရားသို့သွားရောက်ခဲ့ကြောင်း ထပ်မံ ပေါ်ပေါက်ချက် များအရ သန်းဇော်အောင်ပါလေးဦးကို ရမည်းသင်းမြို့နယ် ရွှေနတ်ပေါ်ကျေးရွာ၌ ဖမ်းဆီးရ မိခဲ့ပြီး တန်ဖိုးငွေ ကျပ် ၅၅ သိန်းခန့်ရှိ သက်သေခံပစ္စည်းများဖြစ်သည့် ဆိုင်ကယ် ရှစ်စီး၊ ဖုန်း နှစ်လုံး၊ ငွေကျပ် လေးသိန်းခွဲနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
ယင်းလူငယ်ရှစ်ဦးကို ရွှေပေါက္ကံနယ်မြေရဲစခန်းတွင် (ပ)၁၈၄/၂၀၁၇၊ ပြစ်မှုပုဒ်မ ၃၈၀/၅၄ ဖြင့် အမှုဖွင့်ထားသည်။
သတင်း-တင့်ဇော်ထွန်း
ဓာတ်ပုံ-ရွှေပေါက္ကံရဲတပ်ဖွဲ့ 
မှုခင်းသတင်း@#ZMT

No comments: