ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) မန်ယူနဲ့ စပါးကလွဲလို့ အသင်းကြီးတွေ အဝေးကွင်းပွဲကျပ်ကစားရမယ်
ချယ်လ်ဆီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်နေစဉ်။
ဧပြီ ၂၆ – သည်တစ်ပတ်မှာ အကြိတ်အနယ်ပွဲတွေရှိနေပြီးအသင်းကြီး အများစု အဝေးကွင်းပွဲတွေ နွှဲကြရမှာပါ။ ချန်ပီယံဆုအတွက် ချယ်လ်ဆီးကို အမီလိုက်နေတဲ့စပါးဟာ အာဆင်နယ်နဲ့ဒါဘီ ပွဲကျပ်ကစားရမှာဖြစ်ပြီး ချယ်လ်ဆီး ကလည်း အဲဗာတန်ကွင်းမှာ အကြိတ်အနယ်ကစားရမှာဖြစ်ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲတွေက အသက်ဝင်နေဆဲဖြစ်ပြီး ဆွမ်ဆီးက မန်ယူ၊ မစ်ဒယ်ဘရော့က မန်စီးတီးတို့နဲ့ ပွဲကျပ်ရင်ဆိုင်ရဖို့ရှိပါတယ်။ အခြေအနေအဆိုးဆုံး ဖြစ်တဲ့ ဆန်းဒါးလန်းက သည်တစ်ပတ်အိမ်ကွင်းပွဲအဖြစ် ဘုန်းမောက် ကို ဧည့်ခံရပါလိမ့်မယ်။ သည်တစ်ပတ်ပြီးရင်တော့ တန်းဆင်းဇုန်နဲ့ ချန်ပီယံအသင်းအခြေအနေတွေပိုပြီး ပီပြင်လာဖို့ရှိပါတယ်။ဆောက်သမ်တန် Vs ဟားလ်စီးတီး
ဟားလ်စီးတီးအတွက် သေရေးရှင်ရေးပွဲပါပဲ။ တန်းဆင်းဇုန်ထဲက ဆွမ်ဆီးနဲ့ ပွဲတူရမှတ်နှစ်မှတ်သာ အသာရထားတဲ့ဟားလ်စီးတီးဟာ အချိန်မရွေးတန်းဆင်းသွားရနိုင်တဲ့အခြေအနေမှာ ရှိနေဆဲပါ။ ဆောက်သမ်တန်ကတော့ အမှတ်မလိုတော့ပါဘူး။ ဥရောပဝင်ခွင့် လည်းမရနိုင်တော့ပါဘူး။ ဒါပေမဲ့ အသင်းငယ်တွေထက်တော့ ခြေစွမ်း ပိုသာတာအမှန်ပါပဲ။ ပထမအကျော့ ရှုံးကြွေးကိုလည်း ဆပ်ဖို့ရှိတာကြောင့် ဆောက်သမ်တန်အနိုင်ရဖို့ရှိပါတယ်။
စတုတ် Vs ဝက်စ်ဟမ်း
တန်းဆင်းဇုန်က လွတ်ကျွတ်သွားဖို့ သည်နှစ်သင်းစလုံး နိုင်ပွဲတစ်ပွဲ သာလိုပါတော့တယ်။ ရာသီကုန်ခါနီးမှာ နှစ်သင်းစလုံးခြေကုန်လက် ပန်းကျနေတာခြင်းလည်း တူပါတယ်။ ပထမအကျော့သရေကျ ထားသလို ခြေစွမ်းကလည်း မျှတယ်။ အိမ်ရှင်စတုတ်ထက်စာရင် ဝက်စ်ဟမ်းက အခုနောက်ပိုင်းပိုတည်ငြိမ်တယ်။ ဒါပေမဲ့ စတုတ် ကွင်းမှာ အမြဲလိုလို ဝက်စ်ဟမ်းရလဒ်ဆိုးတတ်တယ်။ အိမ်ရှင်သရေနဲ့ အနိုင်တစ်ခုခုပဲ။
ဆန်းဒါးလန်း Vs ဘုန်းမောက်
အဆင့် ၂၀ ဆန်းဒါးလန်းကတော့ တန်းဆင်းဇုန်ကလွတ်မြောက်ဖို့ မလွယ်ကူတော့ပါဘူး။ ဘုန်းမောက်ကတော့ နိုင်ပွဲတစ်ပွဲရရင်ပဲ တန်းမဆင်းရဖို့ စိတ်ချရပြီ။ ဒါကြောင့်ဘုန်းမောက်ရဲ့နိုင်လိုစိတ်က ပိုအားကောင်းမယ့်ပုံရှိတယ်။ ပထမအကျော့ ရှုံးကြွေးကိုပြန်ဆပ်ရမယ့် ဘုန်းမောက်အသင်းခြေအသာ၊ ဂိုးအသာနဲ့ အနိုင်ရသွားမှာပါ။
ဝက်စ်ဘရွန်း Vs လက်စတာ
ဝက်စ်ဘရွန်းက အဆင့် ၈ မှာ အမှတ်မလိုတော့တဲ့အသင်းပါ။ လက်စတာက တန်းမဆင်းရဖို့နိုင်ပွဲတွေလိုအပ်နေသေးတယ်။ ဒါပေမဲ့ ပွဲကျန်နှစ်ပွဲလည်း ကစားဖို့ရှိနေသေးလို့ အခြေအနေမဆိုးလှဘူး။ သည်နှစ်သင်းက ဖြေရည်တူအသင်းတွေဖြစ်ပြီး အစဉ်အလာမှာတော့ ဝက်စ်ဘရွန်းကအသာစီးရထားတယ်။ လက်ရှိခြေစွမ်းပိုင်းအရပြောရင် ဝက်စ်ဘရွန်း ဘယ်လိုမှမရှုံးနိုင်ပါဘူး။ ဒါပေမဲ့လက်စတာ အမှတ် လိုနေတာရယ်၊ ဝက်စ်ဘရွန်း သာမန်သာကစားတော့တာရယ်ကြောင့် လက်စတာအနိမ့်ဆုံး သရေရသွားဖို့များပါတယ်။
ပဲလေ့စ် Vs ဘန်လေ
နောက်ထပ်တန်းဆင်းဇုန်တိုက်ပွဲတစ်ပွဲပါ။ တန်းမဆင်းရဖို့ဆိုရင် ပဲလေ့စ် နိုင်ပွဲတစ်ပွဲလောက်သာလိုတော့ပြီး ဘန်လေက အနည်းဆုံး နှစ်ပွဲနိုင်ဖို့လိုပါသေးတယ်။ လက်ရှိမှာ ပဲလေ့စ်ရဲ့ ခြေစွမ်း ကအမြင့်ဆုံးကို ရောက်ရှိနေလို့ဧည့်သည်ဘန်လေအတွက် နိုင်ပွဲမျှော်လင့်ဖို့ မလွယ်ပါဘူး။ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာ ပူးလ်တို့ကို ဆက်တိုက်ဆိုသလို အနိုင်ယူခဲ့တဲ့ပဲလေ့စ် ဘန်လေကို ပထမအကျော့ ရှုံးကြွေးပါပြန်ဆပ်ပြီး သေချာပေါက်အနိုင်ယူပါလိမ့် မယ်။
မန်ယူ Vs ဆွမ်ဆီး
နှစ်သင်းစလုံးအတွက် အနိုင်ရရေးအလွန်အရေးကြီးတဲ့ပွဲပါ။ မန်ယူက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လုံးဝအမှားမခံသလိုဆွမ် ဆီးကလည်း တန်းမဆင်းရရေးအတွက် နိုင်ပွဲရဖို့လိုနေတယ်။ အစဉ်အလာမှာ မန်ယူအသာရထား တယ်ဆိုပေမဲ့ ဆွမ်ဆီးကိုဧည့်ခံခဲ့တဲ့ အိမ်ကွင်းနောက်ဆုံးလေးပွဲမှာ နှစ်ပွဲရှုံးနိမ့်ခဲ့တာကို မေ့ထားလို့ မရဘူး။ လောလောဆယ် မန်ယူအသင်းမှာ အဓိကကစားသမား တချို့ဒဏ်ရာရနေပြီး ပွဲဆက်များတဲ့ဒဏ်လည်း အလူးအလဲခံနေရ တယ်။ ဆွမ်ဆီးက ခြေစွမ်းဆိုးနေခဲ့တယ်ဆိုပေမဲ့ နောက်ဆုံးကစား ခဲ့တဲ့ စတုတ်နဲ့ပွဲမှာအံ့အားသင့်ဖွယ် ဂိုးပြတ်အနိုင်ရခဲ့လို့ စိတ်အား တက်နေတယ်။ မထင်မှတ်ဘဲအကြိတ်အနယ်ရှိနိုင်ပြီး မန်ယူပွတ် ကာသီကာ အနိုင်ရသွားဖို့ရှိတယ်။
အဲဗာတန် Vs ချယ်လ်ဆီး
သည်ပွဲကလည်း ပွဲကောင်းတစ်ပွဲပါ။ အဲဗာတန်က ဥရောပဝင် ခွင့်တစ်နေရာသေချာအောင် နိုင်ပွဲထပ်လိုနေပြီး ချယ်လ်ဆီးကလည်း ချန်ပီယံဆုအတွက် အတိမ်းအစောင်းမခံပါဘူး။ ပထမအကျော့မှာ ၅-ဝ နဲ့ နိုင်ခဲ့တဲ့ ချယ်လ်ဆီး အသင်း သည်ပွဲမှာတော့ ခက်ခဲနိုင်ပါ တယ်။ မနှစ်က အဲဗာတန်ကွင်းမှာ ၃-၁ နဲ့ ချယ်လ်ဆီးရှုံးခဲ့ဖူးတယ်။ သရေပွဲဖြစ်သွားဖို့ များပါတယ်။
မစ်ဒယ်ဘရော့ Vs မန်စီးတီး
မစ်ဒယ်ဘရော့က တန်းဆင်းဇုန်ထဲကအသင်းဖြစ်ပြီး မန်စီးတီးက ချန်ပီယံလိဂ်ဝင်ခွင့် မန်ယူနဲ့အပြိုင်လုနေရတဲ့အသင်းဖြစ်လို့ အကြိတ်အနယ် ပွဲတစ်ပွဲပါပဲ။ ပထမအကျော့မှာ ဝ-၂ နဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီးပဲ အဘက်ဘက်က အသာစီးရမှာပါ။ မစ်ဒယ်ဘရော့ သရေခံကစားဖို့ ကြိုးစားနိုင်ပေမဲ့ ဧည့်သည်အသင်းပဲအောင်ပွဲခံပါ လိမ့်မယ်။
စပါး Vs အာဆင်နယ်
သည်တစ်ပတ်ရဲ့အကောင်းဆုံးနဲ့ အကြိတ်အနယ်အရှိဆုံးပွဲ ဖြစ်လာနိုင်တယ်။ စပါးက ချန်ပီယံဆုအတွက် ရည်စူးနေချိန်မှာအာ ဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့ အသည်းအသန်ကြိုးစားနေ ရလို့ သည်ပွဲက အရင်ဒါဘီ ပွဲတွေထက် ပိုအကြိတ်အနယ်ရှိနိုင်ပါတယ်။ ပထမအကျော့မှာ သရေကျထားသလို ထိပ်တိုက်ဆုံတဲ့နောက်ဆုံး သုံးပွဲဆက် သရေနဲ့သာကျေနပ်ထားရတဲ့နှစ်သင်းပါ။ လောလောဆယ် ခြေစွမ်းအရတော့ စပါးက ပိုကောင်းနေတယ်။ ဒန်နီရို့စ်ပြန်ပါလာမယ့် စပါးအသင်း တိုက်စစ်ပိုအားကောင်းလာ ဖို့ရှိနေလို့ အာဆင်နယ် ပိုသတိထားရပါမယ်။ သရေထပ်ကျဖို့များ တဲ့ပွဲဖြစ်ပြီးနိုင်ခြေအရတော့ စပါးကပိုသာတယ်။
ဝက်ဖို့ဒ် Vs လီဗာပူးလ်
ဝက်ဖို့ဒ်က အမှတ်မလိုတော့တဲ့အသင်းပါ။ လီဗာပူးလ်ကတော့ မန်စီးတီး၊ မန်ယူတို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အပြိုင်လုနေရပါတယ်။ အသင်းငယ်တွေနဲ့တွေ့ရင် ရလဒ်မကောင်းတတ်တဲ့ လီဗာပူးလ် သည်ပွဲမှာလည်း အသက်ရှူမချောင်နိုင်ဘူး။ ဝက်ဖို့ဒ်က အိမ် ကွင်းစွမ်းရည်မြင့်အသင်းဖြစ်ပြီး အိမ်ကွင်းနောက်ဆုံးသုံးပွဲဆက် အနိုင်ရထားတယ်။ ပထမအကျော့မှာ ၆-၁ နဲ့ အိမ်ကွင်းမှာအနိုင်ရခဲ့တဲ့ လီဗာပူးလ်အတွက် ပွဲကျပ်တစ်ပွဲဖြစ်လာမှာပါ။ ဒါပေမဲ့ ဝက်ဖို့ဒ်ရဲ့ အမှတ်မလိုတော့တဲ့အခြေအနေကြောင့် လီဗာပူးလ်အနိုင်သုံးမှတ် မျှော်လင့်နိုင်ပါတယ်။ ဂိုးတော့ ပြတ်ဖို့မရှိဘူး။




No comments: