ကိုယ်လှတယ်ဆို သူ့ကျေးဇူး၊ သူ ခန့်လာတယ်ဆိုရင် ကိုယ့်ကျေးဇူးပါ“
အိမ်ထောင်ကျပြီးမှ အိမ်ရှင်မ အမျိုးသမီးဟာ အပျိုဘ၀ကထက်ပိုလှနေတယ်၊ ပိုတင့်တယ်နေတယ် ပိုဝနေတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားရလို့ လို့ ဆိုကြတယ်။
အိမ်ထောင်ကျပြီးမှ ခင်ပွန်းဖြစ်သူ အမျိုးသားဟာ လူပျိုဘ၀တုန်းကထက်ပိုပြီး ခန့်ညားတင့်တယ်နေတယ်ဆိုရင် သူဟာ ဇနီးကောင်းကို ရရှိထားလို့လို့ ဆိုကြပါတယ်။
အများစုမှာတော့လူပျို၊အပျိုဘ၀တုန်းက မိဘရဲ့အရိပ်အောက်မှာ နေရစဉ်တုန်းက လောကဓံကို ကြုံရပေမဲ့မိဘရဲ့အမိုးအကာအောက်မှာ ရှိနေတဲ့အတွက် မပြင်းထန်လှပါဘူး။ ကိုယ့်အိမ်ထောင်နဲ့ ကိုယ့်မိသားစုနဲ့ဖြစ်လာချိန်မှာ ကောင်းကောင်းဆိုးဆိုး လောကဓံနှစ်မျိုးစလုံးကို ကိုယ်တိုင်ကိုယ်ကျ ကြုံပြီး ရင်ဆိုင်ဖြတ်သန်းကြရပါပြီ။
အဲဒီလို ကာလမှာ ကို်ယ်တွဲဖက်ခွင့်ရထားတဲ့ အိမ်ထောင်ဘက်ရဲ့အရည်အသွေးဟာလည်း ပေါ်လွင်ထင်ရှားလာတတ်ပါတယ်။
ကိုယ်နိမ့်ပါးချိန်မှာ ကိုယ့်ကိုထားပြီး အငယ်နောက် လိုက်သွားတဲ့သူတွေ၊ ကိုယ့်ရဲ့ မရှိမဲ့ရှိမဲ့ပိုက်ဆံလေးကို ယူပြီး ကိုယ့်ကိုယ်တော့ ထားပစ်ခဲ့ပြီး ထွက်ပြေးသွားတဲ့ သူတွေ၊ စိတ်ဆင်းရဲပြီး စိတ်ဓါတ်ကျနေတဲ့ ကိုယ့်ကို မသိချင်ယောင်ဆောင်ပြီး ပစ်ထားတဲ့သူတွေကို ဆင်းရဲချိန်၊ နိမ့်ပါးချိန်၊ ဒုက္ခရောက်ချိန်မှာ တွေ့ရတော့တာပါပဲ။
အဲဒီလို အိမ်ထောင်ဘက်မျိုးနဲ့ ကြုံရတဲ့အမျိုးသား၊ အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီး နောက်မှာ ခြုံးခြုံးကျကြရတဲ့ရုပ်သွင်နဲ့သွင်ပြင် ဖြစ်ကုန်ကြတယ်။ သူတို့ရဲ့ မရွှင်မလန်းတဲ့ မျက်နှာနဲ့ညှိုးငယ်တဲ့ အသွင်က သူတို့ရရှိထားတဲ့အိမ်ထောင်ဘက်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနေကြပါတယ်။
စိတ်ချမ်းသာအောင်ထားတဲ့အိမ်ထောင်ဖက်ရဲ့ကျေးဇူးကြောင့်ကိုယ်က စိတ်ချမ်းသာစွာနဲ့နေထိုင်ရတာမျိုး ရှိတယ်၊ အချို့က ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံအောင်ထားပါရဲ့ဒါပေမဲ့ လူမှုရေး ဖောက်ပြန်တယ်ဆိုရင်လည်း အိမ်ထောင်ဖက်က စိတ်မချမ်းသာနိုင်ပါဘူး။
အဖိုးတန်အ၀တ်အစားတွေ ၀တ်ထားပေမဲ့ အသက်မပါတဲ့စက်ရုပ်တစ်ရုပ်လို သွားလာနေကြပြီး မပြုံးနိုင်လောက်အောင် ဖိစီးနေတဲ့သူတွေကလည်း ပိုက်ဆံတော့အဆင်ပြေပါတယ်၊ ဒါပေမဲ့ အိမ်ထောင်ဘက်ကောင်းတော့ မရပါဘူးဆိုတာကို ပြသနေသလိုပါပဲ။
နောက်တစ်မျိုးကတော့ သူဘယ်လောက်ကောင်းသလဲ ဆိုတာကို ကိုယ်တကယ်ဒုက္ခရောက်ချိန်မှာ ပိုပြီး သိလာရတဲ့သူမျိုးပါ။
ကိုယ်အဆင်မပြေလို့ ဒုက္ခရောက်နေချိန်မှာ နားလည်စွာနဲ့ ဘေးကနေရှိပြီး ရင်ဆိုင်ပေးတတ်သလို၊မိသားစုအတွက် လိုအပ်ရင် ရှေ့က ထွက်ပြီး တံတိုင်းကြီးလို ကာကွယ်ပေးတယ်၊ အသေးစား စိတ်ဖိစီးမှုပဲ ဖြစ်ဖြစ် အကြီးစားစိတ်ဖိစီးမှုတွေကိုပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း အားပေးနှစ်သိမ့်ရင်းနဲ့ကိုယ်နဲ့အတူတူ ဖြေရှင်းရင်ဆိုင်ပေးတယ်။
အဲဒီလို အိမ်ထောင်ဘက်ကောင်းကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ မြင်ရတာနဲ့တင် သိသာစေတယ်။ ရွှင်လန်းတယ်၊ ကျေနပ်နှစ်သိမ့်မှုရှိနေတဲ့ အပြုံးတွေနဲ့ လှုပ်ရှားမှုတွေနဲ့သက်ဝင်နေတယ်။ စိတ်ပိုင်းဆိုင်ရာကျေနပ်မှု ရှိနေတဲ့အတွက် လုံခြုံမှုတစ်ခုကို ရရှိထားတဲ့သူတစ်ဦးရဲ့ အသွင်မျိုးနဲ့တွေ့မြင်ရပါတယ်။
တကယ်ပဲ ခင်ပွန်းကောင်းကိုသာ မရခဲ့ဖူးဆိုရင် အိမ်ရှင်မတွေရဲ့ဘ၀က ခင်ပွန်းဖြစ်သူရဲ့ နှိပ်စက်မှု၊ လောကဓံရဲ့အရိုက်အပုတ်တွေကြောင့် ရုပ်ပျက်ဆင်းပျက်နဲ့ ဘ၀ကို အဆင်မပြေစွာ ဖြတ်သန်းကြရမှာပါ။
ဒါပေမဲ့ အချို့အမျိုးသမီးတွေကတော့ကိုယ်ပိုင် စွမ်းရည်လည်းရှိတယ်။ ခင်ပွန်းကောင်းမရပေမဲ့ကိုယ့်ကိုယ်ကို လောကဓံထဲကနေ ကယ်တင်ပြီး ပိုထက်မြက်အောင် ပိုတော်အောင် ပိုလှအောင်လည်း နေနိုင်စွမ်းတဲ့သူတွေရှိပါတယ်။
“ ယောင်္ကျားက အကြိမ်ကြိမ်ဖောက်ပြန်တယ်၊ အိမ်မှာ ခေါ်ထားတဲ့ညီမတောင် မကျန်ဘူး၊ ကလေးတွေမျက်နှာနဲ့မကွာနိုင်တော့သူ့ကို ဥပက္ခပြုပြီး ကိုယ့်ကို်ယ်ကိုပဲကျန်းမာအောင် စိတ်ချမ်းသာအောင် နေနေရတယ်။ နို့မို့ရင်တော့သူ ပေးတဲ့ဒဏ်ရာတွေနဲ့ဗုန်းဗုန်းလဲနေမှာ“လို့အမျိုးသမီးတစ်ဦးက ရင်ဖွင့်ဖူးတယ်။
အသက် ၄၀ ကျော်နေပေမဲ့ လှအောင်ပြင်ပြင်ဆင်ဆင်နေနေပြီး စိတ်ချမ်းသာအောင်နေထိုင်နေတယ်၊ မိသားစု စီးပွားရေးကိုလည်း မျက်ခြေမပျက်ဦးဆောင်နေတယ်။ ဒီလို လောကဓံကို ခါးစည်းခံပြီး ရှင်သန်အောင်နေနိုင်တဲ့မိန်းမတစ်ဦးပေါ့။
အမျိုးသားတွေမှာလည်း ဒီလိုပါပဲ။ လူပျိုဘ၀တုန်းကထက် ပိုပြီး ခန့်ညားတောက်ပလင်းလက်နေတဲ့ အိမ်ထောင်ရှင်အမျိုးသားကို တွေ့ရင် သူ့ဇနီးက တော်တယ်၊ ယောင်္ကျားကို စိတ်ချမ်းသာအောင်၊ အောင်မြင်ကြီးပွားအောင် စွမ်းဆောင်နိုင်တယ် လို့ချီးမွမ်းရမှာပါပဲ။
သူ့အိမ်ထောင်ဖက် တော်လို့ကောင်းလို့သာ သွင်ပြင်သဏ္ဍန်က တင့်တယ်နေတာ၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ တင့်တယ်ကြတယ်။
အချို့အတ္တကြီးတဲ့ အိမ်ထောင်ဖက်ကို တန်ဖိုး မထားတတ်တဲ့ သူမျိုးကြတော့လည်း ကိုယ်ကတော့လှအောင် ၀တ်ပါရဲ့၊ လှအောင်နေထိုင်ပါရဲ့ ကိုယ့်အိမ်ထောင်ဖက်ကြတော့ ဖြစ်သလိုတွေ ဖြစ်နေတတ်တာလည်း ရှိတယ်။
အချို့ဇနီးတွေကျတော့လည်း သူတို့ကို်ုယ်တိုင်က တင့်တယ်လှပအောင် မပြင်ဆင်တတ်သလို မိသားစုကိုလည်း တင့်တယ်အောင် မဆင်ယင်တတ်ပြန်ဘူး။ ဒီလို ဇနီးကို ပိုင်ဆိုင်ထားရတဲ့အမျိုးသားတွေက ပြီးရင် သန့်ရှင်း သပ်ရပ်မှု မဲ့ပြီး လူလုံးမလှတတ်ဘူး၊ ကောင်းမွန်သပ်ရပ်တဲ့ဝတ်စားဆင်ယင်မှု မရှိ သလို၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်မျိုးနဲ့လည်း ကင်းဝေးနေတဲ့ခြောက်သွေ့နေတဲ့ အသွင်သဏ္ဍန်မျိုးဖြစ်နေတတ်ပါတယ်။
ဒါကြောင့်အိမ်ထောင်ရှင်အမျိုးသား၊ အမျိုးသမီးတွေဟာ တောက်ပနေတယ်၊ လင်းလက်နေတယ်၊ စမစ်ကျနေတယ်ဆိုရင် သူတို့ရဲ့အိမ်ထောင်ဘက်တွေက တော်လို့ ကောင်းလို့ ဆိုတာကို အသိအမှတ်ပြုရပါလိမ့်မယ်။
ဟိုတုန်းကထက် ပိုလှလို့ဝလို့ဆိုရင်တော့
ပိုပြီးတော့တောင် ကျေးဇူးတင်လိုက်ပါနော်
ဇနီးမောင်နှံ
အပြန်အလှန်တင်ရတဲ့ကျေးဇူးတရားတွေပါပဲ။
မတူတဲ့အမြင်များကို ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
Credit: : မေသင်္ကြန်ဟိန်(မြစ်မခ)

No comments: