လူ ၉၀ကျော်ကို အသက်ကယ်ခဲ့သူ
မတော်တဆမှု တစ်ခုခုဖြစ်ရင် ဖုန်းလေးထုတ်ပြီး ဓာတ်ပုံ၊ ဗီဒီယို အလုအယက် ရိုက်နေကြတဲ့ ဒီဘက်ခေတ်မှာ လူ ၉၂ ယောက်ကို အသက်ကယ်ခဲ့တဲ့ တက္ကစီသမား ဗာအိ(Suraj Prakash Vaid)အကြောင်းက ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဆေးရုံတွေက အရေးပေါ်ဌာနရဲ့ ဆရာဝန် တော်တော်များများ ဆူရက်ဂ်ျပရာကက်ရှ်ဗာအိကို သိကြပါတယ်။ သူက ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော် ကာလအတွင်း လမ်းမတော်တဆမှုတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကိုယ့်စားရိတ်ကိုယ်စားပြီး ကူညီပေးခဲ့သူပါ။ ဗာအိကို "ရွှေရောင်အချိန်ကာလမှာ ရောက်လာတတ်သူ"လို့ ခေါ်ကြပါတယ်။
ရွှေရောင်အချိန်ကာလဆိုတာ ယာဉ်မတော်တဆမှုဖြစ်ပြီးတဲ့နောက် မိနစ် ၆၀ အချိန်အပိုင်းအခြားကို ခေါ်တာပါ။ ဆိုးဆိုးရွားရွား ဒဏ်ရာရသူ တစ်ယောက် အသက်ရှင်သန်ခွင့် ရ၊ မရ ဆိုတာ အဲဒီအချိန်အပိုင်းအခြားမှာ ဆေးကုသခွင့် ရ၊ မရ ဆိုတာနဲ့ဆိုင်ပါတယ်။
ဗာအိဟာ ယာဉ်မတော်တဆမှုဖြစ်ပြီလို့ သတင်းရတာနဲ့ ရှေးဦးသူနာပြု လက်ဆွဲသေတ္တာယူပြီး
အသေးစားဆိုင်ကယ်(စကူတာ)နဲ့ အခင်းဖြစ်တဲ့နေရာကို အရောက်သွားလေ့ရှိပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုကို ကျော်လွှားနိုင်ဖို့ ဗာအိက စကူတာစီးပြီး သွားတာပါ။
လမ်းမတော်တဆမှုတွေကို အစဉ်တစိုက်
ကူညီပေးတတ်တဲ့ ဗာအိရဲ့ဂုဏ်သတင်း ကျော်ကြားလာချိန်မှာ တက္ကစီသမားတွေ၊ သုံးဘီးသမားတွေကလည်း လမ်းမတော်တဆမှု တစ်ခုခုဖြစ်ပြီလို့ သတင်းကြားတာနဲ့ ဗာအိဆီ ဖုန်းဆက်အကြောင်းကြားလေ့ရှိပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လမ်းမတော်တဆမှုတွေမှာ ဒဏ်ရာရသူတွေအနေနဲ့ ဖြစ်ဖြစ်ချင်း မိနစ် ၆၀ အတွင်း ကုသမှု ခံယူနိုင်မယ်ဆိုရင် သေဆုံးသူအရေအတွက် ၅၀ ရာခိုင်နှုန်း လျော့ကျသွားမယ်လို့ အိန္ဒိယနိုင်ငံ
Law Commission က ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ လမ်းမတော်တဆမှုတွေမှာ လမ်းသွားလမ်းလာ ၇၄ ရာခိုင်နှုန်းက ကူညီပေးချင်တဲ့ ဆန္ဒမရှိကြဘူးလို့ SaveLife Foundation ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဘာလို့မကူညီချင်တာလဲဆိုတော့ တရားစီရင်မှု အချိန်ကြာမြင့်တာ၊ ရဲတပ်ဖွဲ့က ထပ်ဖန်တလဲလဲ စစ်ဆေးမေးမြန်းတာ၊ ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ရင် အချိန်အကြာကြီး စောင့်နေရတာတွေကြောင့်လို့ ဆိုကြပါတယ်။
ဗာအိကတော့ သူ့ကားမှာ သူ့ဖုန်းနံပါတ်ရေးထားပြီး မတော်တဆမှုတွေဖြစ်ရင် သူ့ကိုအကြောင်းကြားကြပါလို့ ရေးထားပါတယ်။
ဗာအိဟာ အခင်းဖြစ်တဲ့နေရာ ရောက်တာနဲ့ ရဲ၊ လူနာတင်ကား ခေါ်ဖို့ ညွှန်ကြားတတ်ပြီး တစ်ခါတလေ လမ်းပိတ်နေလို့ လူနာတင်ကား ရောက်ဖို့ကြန့်ကြာနေရင် လူနာကို သုံးဘီး ဒါမှမဟုတ် ကြုံရာကားတစ်စီး တားပြီး ဆေးရုံပို့လေ့ရှိပါတယ်။ ပုံမှန်အတိုင်းဆိုရင် စစ်ဆေးမေးမြန်းတာမျိုး ခံရနိုင်လို့ ကားသမားတွေက ဒဏ်ရာရသူတွေကို မတင်ချင်ပေမယ့် ဗာအိက လူနာအတွက် တာဝန်ယူပေးတယ်၊ ရဲတွေ၊ ဆေးရုံက လူတွေ မေးသမျှ ဒိုင်ခံဖြေပေးမယ်လို့ အာမခံတဲ့အတွက် ကားသမားတွေက ဗာအိပါရင် ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ပေးတတ်ပါတယ်။
တချို့ကိစ္စတွေမှာ ဗာအိရဲ့ အသေးစိတ်ရေးထားတဲ့ ဒိုင်ယာရီမှတ်တမ်းကြောင့် ကားတိုက်ပြီး ထွက်ပြေးသွားသူတွေကို ဖမ်းမိတာမျိုး ရှိခဲ့ပါတယ်။
ဗာအိကို နယူးဒေလီ ရဲတပ်ဖွဲ့က အသိအမှတ်ပြု လက်မှတ်နဲ့ ငွေသားဆုတွေ ချီးမြှင့်ခဲ့သလို အိန္ဒိယအစိုးရကလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ ဗာအိကတော့ သူ့အနေနဲ့ အသိအမှတ်ပြုတာ၊ အလှူ ငွေရတာမျိုးကို စိတ်ထဲမထားဘဲ လုပ်ပေးသင့်တဲ့ကိစ္စကို လုပ်ပေးတာလို့ပဲ သဘောထားတယ်လို့ ဆိုပါတယ်။
ဗာအိဟာ မိဘတွေ စီးပွားရေးအဆင်မပြေလို့ ကိုးတန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး တက္ကစီမောင်းခဲ့သူဖြစ်ပါတယ်။ ၂၄ နှစ်အရွယ်မှာ ယာဉ်တိုက်မှု တစ်ခုကြုံတော့ ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ခဲ့ပြီး ဒီနောက်ပိုင်း ယာဉ်မတော်တဆမှုတွေကို လိုက်လံကူညီပေးခဲ့တဲ့ ဗာအိဟာ အခုတော့ အသက် ၆၆ နှစ်ရှိနေပါပြီ။
ထူးခြားတာက သူ့ရဲ့ဆေးသေတ္တာထဲမှာ ပိတ်စတစ်စ ပါဝင်ပြီး ခန္ဓာကိုယ် မလုံမခြုံ ဖြစ်နေတဲ့ ဒဏ်ရာရ အမျိုးသမီးတွေကို အဲဒီပိတ်စနဲ့ ဖုံးပေးထားတတ်ပါတယ်။ အမျိုးသမီးတွေ ခန္ဓာကိုယ် မလုံမခြုံနဲ့ သွေးထွက်သံယို ဖြစ်နေတာကို ဓာတ်ပုံရိုက်ရင် ဓာတ်ပုံရိုက်တဲ့သူတွေကို ရဲတပ်ဖွဲ့က စွဲချက်တင်သင့်တယ်လို့ ဗာအိက ပြောပါတယ်။
Ref: http://www.bbc.com/news/world-asia-india-39664906
Nz(ရိုးရာလေး)
www.yoyarlay.com
#Nz_yyl
#Article_yyl



No comments: