သမ္မတလုပ်ရတာ ပိုလွယ်မယ်လို့ထင်ခဲ့ကြောင်း ဒေါ်နယ်ထရန့် ဖွင့်ဟပြောကြား
သမ္မတအလုပ်က ပိုလွယ်မယ်ထင်ခဲ့တဲ့ ဒေါ်နယ်ထရန့်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သမ္မတဖြစ်ရခြင်းဟာ မည်မျှခက်ခဲကြောင်းကို မျှော်လင့်မထားခဲ့ဘဲ အံ့အားသင့်ရတယ်လို့ ဖွင့်ဟပြောကြားပါတယ်။ အမေရိကန်ရဲ့ ၄၅ ယောက်မြောက်သမ္မတအဖြစ် ပထမ ရက် ၁၀၀ မပြည့်မီ ကြာသပတေးနေ့ (ဧပြီ ၂၇ ရက်) မှာ ထရန့်က ထိုသို့ဖွင့်ဟခဲ့ပြီး အိမ်ဖြူတော်ကိုမရောက်မီ ယခင်က ၎င်းရဲ့ဘဝကို ပြန်တမ်းတမိတယ်လို့ ဆိုပါတယ်။
"ကျွန်တော် ကျွန်တော့်ရဲ့ အရင်ဘဝကို နှစ်သက်ပါတယ်၊ ကျွန်တော့်မှာ စွန့်လွှတ်လိုက်ရတဲ့အရာတွေ အများကြီးပါပဲ" လို့ ထရန့်က Reuteres သတင်းဌာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
"ဒီ သမ္မတအလုပ်က ကျွန်တော့်ရဲ့ အရင်တုန်းကဘဝထက် အလုပ်တွေပိုများတယ်ဗျ၊ သမ္မတလုပ်ရတာက ကျွန်တော့်အရင်လုပ်တွေထက် ပိုလွယ်လိမ့်မယ်လို့ ထင်ခဲ့တာ" လို့လည်း ထရန့်က ဖွင့်ဟခဲ့ပါတယ်။ နယူးယော့ခ်မှ ဘီလျံနာတစ်ဦးဖြစ်ပြီး နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ထရန့်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို အံ့အားသင့်ဖွယ် အနိုင်ရပြီးနောက် ယခုနှစ် ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့မှု ၅ လကျော်ကြာခဲ့ပြီး သမ္မတသက်တမ်း ပထမ ရက် ၁၀၀ ပြည့်ရန် ၂ ရက်သာလိုတော့ပေမဲ့ ထရန့်က ရွေးကောက်ပွဲအကြောင်းကို စိတ်ထဲမှာရှိနေဆဲဖြစ်ကြောင်း Reuters က ဆိုပါတယ်။ ထရန့်က Reuters သတင်းဌာနနဲ့ အင်တာဗျူးအတွင်းတရုတ်သမ္မတ ရှီကျင်းပင်းအကြောင်း ဆွေးနွေနေမှုကို ခေတ္တရပ်ကာ ၂၀၁၆ ရွေးကောက်ပွဲရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက်အလက်ပါ စာရွက်စာတမ်းတွေကို ထုတ်ပြခဲ့ပါသေးတယ်။
ထရန့်က ၎င်း အနိုင်ရခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်ပါ စာရွက်စာတမ်းတွေကို Reuters သတင်းထောက် ၃ ဦးကို မိတ္တူကူးပြီး တစ်စုံစီပေးခဲ့တယ်လို့ ဆိုပါတယ်။ ထရန့်က သမ္မတဘဝမှာ လွတ်လွပ်လပ်လပ် သွားလာလို့မရမှုကိုလည်း ဖွင့်ဟပြောခဲ့သေးကြောင်း သိရပါတယ်။ "သမ္မတဖြစ်လာတော့ ဒီလို အစောင့်အရှောက်တွေ အများအကြီးနဲ့ ကိုယ်သွားချင်တဲ့ ဘယ်နေရာမဆို သွားလို့မရဘူးလေ" လို့ ထရန့် ပြောပါတယ်။ ဒါ့အပြင် ကိုယ်တိုင် ကားမောင်းရတာကို နှစ်သက်တဲ့ ထရန့်က သမ္မတဖြစ်ပြီးနောက်ပိုင်း ကိုယ်တိုင် ကားမောင်းခွင့်မရတော့တာကိုလည်း တမ်းတပြောဆိုခဲ့ပါသေးတယ်။
သမ္မတထရန့်က နိုင်ငံရေးနယ်ပယ်မှ မဟုတ်တဲ့ မိတ်ဆွေတွေနဲ့ ယခင်က စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေထံကိုလည်း မကြာခဏ သွားရောက်တွေ့ဆုံလေ့ရှိပြီး အကြံဉာဏ်ရယူလေ့ရှိကြောင်းလည်း သိရပါတယ်။
Source & Photo: Reuters
Credit >>> Duwun

No comments: