လူနာရှင် နဲ့ ဆရာဝန်ကြား ကြီးမားတဲ့ နားလည်မှုအလွဲများ
ဖခင်ရုတ်တရက် မေ့မျောသွားချိန်မှာတော့ အစိုးရဆေးရုံတစ်ရုံရဲ့ အရေးပေါ်ခန်းဆီကို အားကိုးတကြီးနဲ့ မသူဇာ (အမည်လွှဲ )ခေါ်လာခဲ့ပါတယ်။ အသက်မျော့မျော့ရှူနေသေးတဲ့ ဖခင် ၊ ခြေတွေ လက်တွေ နွေးနေသေးတဲ့ ဖခင်အခြေအနေပြန်ကောင်း လာဖို့ သူမျှော်လင့်ချက်ထားခဲ့ပါတယ်။ ကံဆိုးစွာပဲ မီးပျက်တာနဲ့ ကြုံတာကြောင့် ဖခင်ကို နှလုံးနှိုးစက်သုံးဖို့အခွင့်အရေးမရတော့ ပါဘူး။ ဖခင်ကွယ်လွန်သွားတယ်ဆိုတဲ့ စကားတစ်ခွန်းကိုပဲ ဆရာ ဝန်တွေဆီက ကြားခဲ့ရပါတယ်။
‘တကယ်ဆို လူနာကမရတော့ဘူးဆိုရင်တောင် မီးစက်နှိုးပြီး နှလုံးခုန် စက်နဲ့ ကယ်ကြည့်စေချင်တယ်၊ လူနာရှင်တွေကျေနပ်သွားအောင် ပေါ့လို့ မသူဇာက ပြောပါတယ်။
လူနာရှင်ကို သေသေချာချာ မရှင်းပြဘဲ ကွယ်လွန်သွားပြီလို့ပြောကာ ကျောခိုင်းသွားတဲ့ ဆရာဝန်ကိုကြည့် ရင်း မသူဇာဟာ အစိုးရဆေးရုံတွေပေါ်မှာ အယုံအကြည်မဲ့လာခဲ့တာ အခုဆိုရင် သုံးနှစ်ကျော်ကာလထဲ ကိုရောက် လာပါပြီ။
မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာအသည်းအသန်ဖြစ်နေတဲ့ မိခင်ကို ဆရာဝန်တွေက ဂရုမစိုက်ဘူးဆိုကာ လူနာရှင်တစ်ဦးက စိတ်လက် မာန်ပါပြောဆိုမှုတွေ ဗီဒီယိုရိုက်ပြီး ဖေ့စ်ဘုတ်ခ်တင်တာတွေ မကြာ သေးခင်ကပဲ ဖြစ်ပွားခဲ့ပါတယ်။ ဆရာဝန်တွေကလည်း အဆိုပါ ပုဂ္ဂိုလ်ကို တရားစွဲဆိုထားပြီး နှစ်ဖက်ကြားတင်းမာမှုတွေ ဖြစ်ပွားခဲ့ ပါတယ်။
အစိုးရဆေးရုံတွေမှာဆေးကုသတဲ့ ပြည်သူတွေကိုမေးမြန်းခဲ့ရာမှာ တော့ ပြဿနာအများစုကတော့ ဆရာဝန်နဲ့ပြည်သူကြားဆက်ဆံရေး ကျဲတဲ့ ကိစ္စပဲဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
ကလေးဆေးရုံတစ်ခုမှာ ဆရာဝန်နဲ့လူနာရှင်ကြားဆက်ဆံရေးနည်း တဲ့အတွက် လူနာရှင်တွေအနေနဲ့ သိချင်တာတွေကိုမေးမြန်းနိုင်ခြင်း မရှိဘဲ ကိုယ့်ရဲ့လူနာဘာဖြစ်နေလဲ၊ ဘာကျွေးရမလဲဆိုတာ မသိနိုင် တဲ့အတွက် လူနာရှင်တွေအခက်အခဲဖြစ်ရတယ်လို့ ကလေးဆေးရုံမှာ သမီးငယ်ကို ဆေးရုံတင်ထားရတဲ့ မမွန်းမွန်းက ပြောပါတယ်။
‘ခါးဆစ်ရိုးကအရည်ထုတ်ပြီးစစ်တာ၊ ဘာမှကြိုမပြောဘဲ စစ်တယ်၊နောက်ပြီးမှ ရေမတိုက်ရဘူး၊ အစားမစားရဘူးဆိုတာ နောက်မှ သိရတယ်၊ အဲဒီတော့ ကလေးကဗိုက်ဆာလို့အော်တာ လူးလှိမ့်နေ တာပဲ၊ ကလေးကလူးလှိမ့်ကာမှ ကလေးကိုခေါင်းမလှုပ်ရဘူးလာ ပြောတယ်၊ ခေါင်းလှုပ်ရင်ခေါင်းမူးတဲ့ ရောဂါ စွဲမယ်၊ ဦးနှောက်တွေ ဘာတွေမကောင်းတာဖြစ်မယ်လို့ လာပြောတယ်၊ တကယ်တော့ အဲ သည်လိုမျိုး ကြိုပြောရင် မိဘတွေက ဂရုစိုက်မှာပါလို့ မမွန်းမွန်း က ပြောပါတယ်။
တကယ်လို့များခေါင်းလှုပ်ခဲ့တဲ့ ဒဏ်ကြောင့် နောင်မှာတစ်ခုခုဖြစ်လာ ရင် မိဘတွေအနေနဲ့ ဘယ်သူ့ကိုတာဝန်ယူခိုင်းရမလဲမသိတဲ့အတွက် ဆရာဝန်တွေရဲ့ လူနာအပေါ်ရှင်းပြမှုတွေက လူနာရှင်တွေအတွက် အမှန်တကယ် လိုအပ်တယ်လို့ မမွန်းမွန်းက ဆက်ပြောပါတယ်။ ကလေးကိုဘာရောဂါဖြစ်လဲသေချာမပြောဘူး။ နေ့စဉ်စစ်ဆေးတာတွေလုပ်ပြီး လူနာရှင်ကိုဘာမှမပြောတဲ့အတွက် ပိုစိုးရိမ်ရတယ်လို့ မမွန်းမွန်းကဆက်ပြောပါတယ်။ရန်ကုန်မြို့က အစိုးရဆေးရုံအချို့မှာ ဆရာဝန်နဲ့လူနာရှင်ကြား ဆက်ဆံမှုမှာ အားနည်းတာတွေကြောင့် အမှုဖွင့်တိုင်တန်းကြတဲ့ အထိ ဖြစ်ခဲ့ကြပါတယ်။
ဆရာဝန်တွေရဲ့ လုပ်ဆောင်ပေးချက်နဲ့ ပတ်သက်ပြီးအားရကျေနပ်မှုမရှိတဲ့အတွက် အရေးယူပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆေးကောင်စီကို တိုင်ကြားတာတွေ ရှိလာကြပါတယ်။ ဆေးလောကရဲ့မနှစ်မြို့ဖွယ်ရာ စိတ်ပျက်ဖွယ်ရာကုသမှုတွေကို ပြည်သူလူထုကို မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေကတစ်ဆင့်အသိပေးတာတွေရှိလာကြပါတယ်။
နားလည်မှုတွေလွဲကြ
ဆေးရုံမှာရှိနေတဲ့ အားနည်းချက်တွေကြောင့်၊ ဖွဲ့စည်းပုံတွေကြောင့်လည်း ဆရာဝန်နဲ့ လူနာ တွေကြားနားလည်မှုလွဲရတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်တယ်လို့ ဆရာဝန်တွေကပြောပါတယ်။
အဓိက အကြောင်းရင်းကတော့ လူနာနဲ့ ဆရာဝန်အင်အားမမျှတတဲ့အတွက် ဆရာဝန်တွေက လူနာတွေကိုစကားများများမပြောနိုင်ကြတော့ဘဲ လူနာနဲ့ ဆရာဝန်ကြားမှာ သတင်းအမှား အယွင်းတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့ အစိုးရဆေးရုံကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ သက်မှူးကျော်က ပြောပါတယ်။
‘ဆရာဝန်နဲ့ လူနာကြားမှာစကားများများ ပြောနိုင်တဲ့အချိန်မရှိဘူး၊ တစ်ခါတလေကိုယ်က ဒီလောက်လုပ်ပေးတာတောင်အပြောခံရတာကြားရင် စိတ်မကောင်းဖြစ်မိတယ်လို့ ဒေါက်တာ သက်မှူးကျော်က ပြောပါတယ်။
လူနာရှင်တွေကတော့ လူနာနဲ့ပတ်သက်လို့ တစ်ခုခုဖြစ်မှာစိုးရိမ်တဲ့အတွက် လူနာရဲ့အခြေအနေကို သိချင်တဲ့အတွက်မေးမြန်းတာဖြစ်ပြီး လူနာကိုသေသေချာချာဂရုစိုက်ကြည့်စေချင်တယ်လို့ ပြောပါတယ်။
‘မသိလို့မတတ်လို့မေးရင်လဲမကြိုက်ဘူး၊ သူတို့က ဆရာဝန်၊ ပြောတာလုပ်၊ ရှင်းပြဖို့ အချိန်မရှိ ဘူး၊ အရေးကြီးလုပ်စရာတွေရှိတယ်၊ သူနာပြုတွေဆိုလဲမေးလို့ မရတာများတယ်လို့ ရန်ကုန်ဆေးရုံဦးနှောက်နဲ့ အာရုံကြောမှာ ဆေးရုံတက်နေတဲ့ လူနာစောင့်ဒေါ်တင်မြကပြောပါ တယ်။
လူနာတစ်ယောက်ဆေးရုံကိုရောက်ရှိလာရင် ဆရာဝန်တွေအနေနဲ့ လူနာရဲ့အခြေအနေနဲ့လူနာရဲ့ ရာဇဝင်ကိုအရင်ယူမှာဖြစ်ပြီး ခွဲစိတ်ရမယ့် လူနာဆိုရင်လည်းခွဲစိတ်ပြီးတဲ့ နောက်ပိုင်းဖြစ်နိုင်တဲ့ အခြေအနေတွေကို ရှင်းပြတာတွေပြုလုပ်ရတယ်လို့ အစိုးရဆေးရုံကဒေါက်တာ သက်မှူးကျော် က ပြောပါတယ်။ ရောဂါဘယ်လိုရှိရင် ဘာဆေးတိုက်ရမယ်ဆိုတာ ဆရာဝန်တွေကရှင်းပြပြီးမှ တိုက်ကြ ထိုးကြတယ်လို့ ဒေါက်တာ သက်မှူးကျော်က ပြောပါတယ်။
အစိုးရဆေးရုံ အချို့မှာ လူနာတွေ နဲ့ ဆရာဝန်တွေကြားမသင့်မြတ်မှုတွေရှိလာတဲ့အတွက် လူနာတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ စကားများများပြောပေးဖို့ လမ်းညွှန်ထားတယ်လို့ အစိုးရဆေးရုံက ဒေါက်တာ သန်းနိုင်ကပြောပါတယ်။ ’နိုင်ငံရဲ့ ပြောင်းလဲတဲ့ အထဲမှာဆေးရုံမှာ လူနာတွေပိုတိုးလာတာလဲပါတယ်၊ ဆရာဝန်တွေအနေနဲ့တတ်နိုင်တာတွေလုပ်ဆောင်နေတာကို နည်းနည်း အဆင်မပြေတာနဲ့ ပြောကြတယ်၊ လူ့ အလိုနတ်မလိုက်နိုင်ဘူး လို့ ဒေါက်တာ သန်းနိုင်က ပြောပါတယ်။
ရှင်းပြပေးပါ၊ လက်ခံပေးပါ
မြို့ပေါ်က လူနာတွေက ကျန်းမာရေး ဗဟုသုတနဲ့ပတ်သက်ပြီး အတန်အသင့်လက်လှမ်းမီတဲ့ အတွက်ပြောပြရင် နားလည်နိုင်သေးတယ်။ နယ်ဘက်က လူနာတွေကျတော့ ကျန်းမာရေး အသိပညာပေးတာတွေအားနည်းတော့ ပြောတာကိုလက်မခံတာတွေရှိပါတယ်။ အဲသည်အခါ ဆရာဝန်တွေဘက်မှ လူနာတွေကို နောက်ဆက်တွဲဆိုးကျိုးနဲ့လက်ရှိဖြစ်နေတဲ့ ရောဂါ အခြေအနေတွေကိုအချိန်ယူပြီး ရှင်းပြရတာတွေရှိတယ်လို့ ဒေါက်တာသက်မှူးကျော်က ပြောပါတယ်။
ကျန်းမာရေးကိစ္စဆိုတာ နားလည်ရခက်တဲ့ အထဲမှာပါပြီး လူနာရှင်တွေ ရဲ့ စိတ်ခံစားမှုတွေလည်း ပါတာဖြစ်တဲ့အတွက် အချိန်ကြာကြာရှင်းပြဖို့လိုတယ်။ အဲသည်အခါကျရင်လည်း လူနာတွေ ဘက်က နားလည်ဖို့လက်ခံဖို့လိုတယ်လို့ ရန်ကင်း ကလေးဆေးရုံ၊ သူနာပြု မိနှင်းမြတ်လွင်က ပြောပါတယ်။
‘လူနာတွေအပေါ်နားလည်အောင် မရှင်းပြနိုင်တာက ဆရာဝန်တွေ၊ သူနာပြုတွေ ကိုယ်တိုင်လဲ တစ်ခါတလေ ဖြစ်နိုင်သလို လူနာ ကိုယ် တိုင်ကလဲ နားမလည်နိုင်တဲ့ အခြေအနေ ဖြစ် နိုင် တယ်လို့ မိနှင်းမြတ်လွင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေလို သေဆုံးသွားတဲ့ လူနာတွေရဲ့ လူနာရှင်တွေကို သီးသန့်နှစ်သိမ့်ဆွေးနွေးနိုင်တဲ့ သီးသန့်အခန်းတွေမရှိသေးတဲ့အတွက် လူနာရဲ့ခုတင်ဘေးမှာသာ မတ်တတ်ရပ်ဆွေးနွေးနှစ်သိမ့်မှုတွေလုပ်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
ဆရာဝန်နဲ့ လူနာကြားရှင်းပြနိုင်တဲ့ အဖွဲ့အစည်းတစ်ခုရှိရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ လွဲချော်တာတွေအဆင်ပြေနိုင်မယ်လို့ ဆရာဝန်တွေက သုံးသပ်ပြောပြပါတယ်။
လူအင်အားမမျှ
အစိုးရဆေးရုံတွေက အခုနောက်ပိုင်းမှာ လူနာတွေရဲအားကိုးမှုပိုမိုရရှိလာကြပြီး နယ်ပေါင်းစုံမှလည်း ဆေးဝါးကုသမှုလာရောက်ခံယူကြတဲ့အတွက် ဆေးရုံမှာလူနာအင်အားနဲ့ ဆရာဝန်အင်အား၊ သူနာပြုအင်အားမမျှတတွေဖြစ်လာတာလို့ သိရပါတယ်။
လက်ရှိအစိုးရတက်လာတဲ့ နောက်ပိုင်းမှာကျန်းမာရေးဝန်ကြီးဌာနက အရင်ကထက်ပိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးလာပေမဲ့လည်း လူနာတွေရဲ့ လိုအပ်ချက်တွေကလျော့ သွားတာမရှိဘူးလို့ ရာဝန်တွေကဆိုကြပါတယ်။ ဆရာဝန်တွေအနေနဲ့ လူနာရှင်တစ်ဦးကို ရှင်းပြပြီးတဲ့အချိန်မှာ နောက်ထပ်လူနာရှင်တစ်ယောက်ထပ်မံရောက်ရှိလာတဲ့အခါထပ်မရှင်း ပြနိုင်တဲ့ အနေအထားတွေရှိတဲ့အတွက် နောက်ဆုံးမှာ လူနာရှင်တွေနဲ့ ဆရာဝန်ကြား နားလည်မှုလွဲတာတွေဖြစ်လာရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
‘အဓိကကတော့ စီမံခန့်ခွဲမှုညံ့တာပါပဲ၊ လူနာနဲ့ ဆရာဝန်တွေမမျှတော့လုပ်ရတဲ့လုပ်ငန်းတွေများ လာပြီး အလုပ်ခွဲဝေတာတွေကို သေချာမလုပ်ပေးနိုင်ဘူးလို့ ရန်ကုန်မြို့ အစိုးရဆေးရုံကြီးတစ်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာနေလင်းက ပြောပါတယ်။
ဆက်ဆံရေးက အခြေခံ
ဆေးကုသတဲ့အချိန်မှာ ဆရာဝန်နဲ့ လူနာဆက်ဆံရေးက အခြေခံကျတာကြောင့် ဆေးပညာ ကျင့်ဝတ်အပိုင်းမှာလည်း ဆရာဝန်နဲ့ လူနာဆက်ဆံရေးကအခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။
အပြည်ပြည်ဆိုင်ရာသမားကျင့်ဝတ်လမ်းညွှန်ချက်မှာလည်း ဆရာဝန်ဟူသည် လူနာများအပေါ် လုံးစေ့ပတ်စေ့ သစ္စာရှိရန်လိုအပ်ပြီး သူတတ်သိကျွမ်းကျင်ထားသော ဆေးပညာရပ်အပေါ်တွင် လဲ သစ္စာရှိရန်လိုအပ်သည်လို့ ပြဆိုထားပါတယ်။
ဆရာဝန်နဲ့ လူနာကြားမှာလူနာကိုအရေးထားဆက်ဆံမှုနဲ့ တန်းတူညီမျှကုသပေးတာတွေ၊ လူနာကို ကုသမှုအပေါ်မှာ လူနာနဲ့ သဘောတူညီချက်ရယူတာတွေ၊ ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ လူနာအတွက် ဆုံးဖြတ်ချက်ချမှတ်ပေးတာတွေ၊ လျှို့ ဝှက်ချက်ကို ထိန်းသိမ်းပေးတာတွေကို နေ့စဉ်ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။
မနိုင်ဝန်တွေပိနေ
အစိုးရဆေးရုံတွေမှာလည်း ဆရာဝန်ရဲ့ နောက်မှာ သူနာပြုတွေအနေနဲ့ က လုံခြံခြုံရေအဖွဲ့ အစည်း၊ သန့်ရှင်းရေးအဖွဲ့အစည်းတွေကို အုပ်ချုပ်နေရတာဖြစ်တယ်လို့ သူနာပြုမိနှင်မြတ် လွင်က ပြောပါတယ်။
‘လူနာကိုပ စောင့်ရှောက်ရတာမဟုတ်ဘူး၊ အလုပ်တွေကစုံတော့ တချို့လူတွေက စိတ် ထွက်ပေါက်အဖြစ် လူနာတွေအပေါ်ကိုပုံချကြတာလို့ ကျွန်မထင်တယ်၊ ဒါကလဲ စိတ်နဲ့ ဆိုင်တယ်၊အကုန်လုံ အဲဒီလို မဟုတ်ဘူး၊ ဒါကြောင့်လဲ လူနာနဲ့ ဆရာမတွေကြားမှာ အမြင်မကြည် လင်မှုတွေရှိလာတယ်လို့ မိနှင်းမြတ်လွင်က ပြောပါတယ်။
ဆေးရုံမှာရှိတဲ့ သတ်မှတ်ထားတဲ့ ခုတင ၅၀ဝထက် သုံးစွဲခုတင် ပိုများတဲ့အတွေက် ဆေးရုံတွေမှာ မနိုင်ဝန်ထမ်းနေရတာဖြစ်ပြီး ဆေးရုံတွေကို ဆင့်မြှင့်လုပ်ဆောင်ဖို့ ခုတင်တွေ ထပ်ထည့်ဖို့ကို အစိုးရကလုပ်ဆောင်နေတယ်လို့ သင်္ဃန်းကျွန်းဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောပါတယ်။
ကလေးဆေးရုံမှာလူနာတွေတအားများပြီး အချိန်စောင့်ရတာကြာတဲ့အတွက် အရေးကြီးတဲ့ ကလေးဆိုရင် ဒုက္ခရောက်နိုင်ပြီးရေုံ ထဲမှာဆေးဆိုင်မရှိတဲ့အတွက်အပြင်ကိုထွက်ဝယ်ရ တာတွေရှိတဲ့အတွက် ဆေးရုံမှာကလေးနဲ့တစ်ယောက်တည်း ရှိနေတဲ့အချိန်တွေမှာ အဆင် မပြေဘူးလို့ ကလေးဖျားပြီး အန်လို့ ဆေးရုံတငထားရတဲ့ ဒေါ်နှင်းပွင့်ဖြ ပြောပါ တယ်။
‘လူပိုမရှိတဲ့အချိန်ဆေးကလိုတော့ ဆေးရုံ နဲ့ နီးဆုံးဆိုငပိတ်ထားတော့ ဟိုးကန်ဘဲ့အထိ သွားရှာဝယ်ရတယ်၊ ကလေးနဲ့ မိခင်တစ်ဦးတည်းသာစောင့်ရတာ ဖြစ်တဲ့အတွက် အဆင်မပြေဘူးလို့ ဒေါ်နှင်းပွင့်ဖြူက ပာပါတယ်။
ဆေးရုံက ပါရာစီတမောနဲ့ ဘ၆ ကိုသာ အလကားပေးတာဖြစ်ပြီး ကျန်တဲ့ဆေးတွေကိုရေးပြီး ဝယ်ခိုင်းတာ ဖြစ်တယ်လို့ ဒေါ်နှင်းပွင့်ဖြူက ဆက်ပြောပါတယ်။
အောက်ခြေမှာမပြောင်းသေး
ဗဟိုအမျိုးသမီးဆေးရုံမှာကိုယ်ဝန်ရှစ်လနဲ့ ဆေးရုံတက်ရတဲ့ မဆန်းထွေးက ဆေးရုံမှာလူနာကို စစ်ဆေးမှုတွေကတော့ကောင်းလာတယ်။ ဒါပေမဲ့အရင်လက်ထက်ကရှိတဲ့ စနစ်ဟောင်းတွေအ တိုင်းသန့်ရှင်းရေးဝန်ထမ်းတွေရဲ့ အော်ဟစ်ပြောဆိုတာတွေကတော့ပြောင်းလဲသးဘူးလို့ပြောပါ တယ်။
‘ဆရာဝန်ကြီးတွေမကြည့်ခင်သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ဝင်လာရင် လူနာတွေနေရာမရှိအောင် ဖြစ်တယ်လို့ ဒေါ်ဆန်းထွေးက ပြောပါတယ်။
အမျိုးသမီးဆေးရုံနဲ့ ကလေးဆေးရုံတွေမှာ လူနာတစ်ယောက်ကို လူနာရှင်တစ်ယောက်သာ စောင့်ရမယ်လို့ ညွှန်ကြားရခြင်းမှာ ပိုက်ဆံပျောက်တာတွေ၊ ကလေးပျောက်တာတွေရှိတဲ့အတွက် အမျိုးသားတွေကို အချိန်ပိုင်းသာဝင် ခွင့်ပြုတာဖြစ်တယ်လို့ အစိုးရဆေးရုံမှ ဒေါက်တာနေလင်း က ပြောပါတယ်။
‘ကလေးတွေကို ယူသွားတာမျိုး၊ အမျိုးသမီးတွေက နို့တိုက်တာတွေဘာတွေရှိတော့ လူနာရှင် တွေအတွက် အဆင်ပြေပေမဲ့ ကျန်တဲ့အမျိုးသမီးတွေအတွက်အဆင်မပြေဘူးလို့ဒေါက်တာ နေလင်းက ပြောပါတယ်။
ဆေးလူမှုဆက်ဆံရေး ဘာတွေလုပ်
ဆေးလူမှုဆက်ဆံရေးအသင်းကိုလည် ၂၀၁၆ ခုနှစ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနိုင်
တာဖြစ်ပြီး မိဘမဲ့ ကလေးတွေ၊ လူနာရှင်မရှိတဲ့လူနာတွေ၊ စွန့်ပစ်ထားတဲ့ လူနာတွေ ကို အဝတ်အစားနဲ့အစားအသောက် ထောက်ပံ့မှုတွေကိုလုပ်ပေးတယ်လို့ သိရပါ တယ်။
အစိုးရဆေးရုံတွေမှာ ပိုင်ရှင်မဲ့လူနာတွေကို အစားအသောက်နဲ့ ဆေးကုသ စရိတ်တွေကစပြီး တာဝန်ယူလုပ်ဆောင်ပေးနေတာတွေရှိပါတယ်။ အဆိုပါ လုပ်ဆောင်ချက်တွေကို ဆေးလူမှုဆက်ဆံရေးတွေက တာဝန်ယူလုပ်ဆောင်ပေးနေ တာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအသုံး စရိတ်မှာ ၂၀၁၅ – ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၆ – ၂၀၁၇ ခုနှစ်အတွက် ကျန်းမာရေးအသုံးစရိတ် သိသိသာသာတိုးမြှင့်ထားတာ မရှိ ဘူးလို့သိရပါတယ်။ အစိုးရဆေးရုံတွေမှာ စရိတ်မျှပေးစနစ်တွေကြောင့်လည်း အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေဟာ အစိုးရဆေးရုံတွေမှာ အရင်နှစ် တွေထက် ပိုမိုများပြားလာတဲ့အတွက် ဆရာဝန်တစ်ဦးကို ခန့်မှန်းအားဖြင့် လူနာငါး ဦး ခြောက်ဦးကို ကြည့်ရှုနေရတာဖြစ်တယ်လို့ ဆရာဝန်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဝေဖန်ခံရဆဲပါ
၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ စရိတ်မျှစနစ် နဲ့ ကုသတဲ့အတွက် အစိုးရဆေးရုံတွေမှာ လူနာတွေများပြားလို့နေပါတယ်။ ရန်ကုန်က ဆေးရုံတွေရဲ့ ဆေးကုသစောင့် ရှောက်မှုနဲ့ ကျေးရွာတွေရဲ့ဆေးကုသစောင့်ရှောက်မှု ကွာခြားတာကြောင့် ရန်ကုန် က ဆေးရုံတွေမှာ လူနာတွေပိုများလာရတာဖြစ်တယ်လို့ သိရပါတယ်။
လူနာတွေများလို့ ဆရာဝန်တွေဘက်က ဘယ်လိုပဲအလုပ်များပါစေ လူနာရှင်တွေ ကတော့ ဆရာဝန်တွေကို နားမလည်နိုင်ကြသေးပါဘူး။ အစိုးရဆေးရုံဆိုရင် ဆက်ဆံရေးမကောင်းဘူး။ ဆရာဝန်တွေက လူနာရှင်တွေကို စကားသိပ်မပြော ဘူးလို့ ဝေဖန်ခံနေရဆဲ၊ ဒေါသထွက်ခံနေရဆဲ၊ လူနာရှင်နဲ့ ဆရာဝန်ကြားနားလည်မှု လွဲနေဆဲဖြစ်ပါတယ်။
‘ဆေးရုံရောက်လာတဲ့ လူနာတွေကိုတော့ ဆရာဝန်တွေအနေနဲ့ ပစ်ထားတာ၊ လျစ်လျူရှုထားတာ မရှိဘူး၊ ဘယ်လို အခြေအနေမျိုးနဲ့ ရောက်လာရောက်လာ ကုသပေးရမှာ ဆရာဝန်တွေရဲ့တာဝန်ပါလို့ ဒေါက်တာ သက်မှူးကျော် ကပြောပါ တယ်။
Author – မို့မို့သန္တာ
Credit:Kumudra

No comments: