မန္တလေးကျုံးရေပြင်အတွင်း သားအမိနှစ်ဦး ခုန်ချ သေကြောင်းကြံစည်မှုမှ ကလေးငယ် ဆေးကုသမှုခံယူရင်း သေဆုံး
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း၈၀၊ ၁၃×၁၄လမ်းကြားရှိ ကျုံးရေပြင်အတွင်းသို့ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အမျိုးသမီးတစ်ဦးသည် (၇)လအရွယ်ကလေးငယ်တစ်ဦးနှင့်အတူ ခုန်ချသေကြောင်းကြံစည်မှုမှ အသက်မသေပဲ ကယ်ဆယ်ရရှိခဲ့သည့် ကလေးငယ်မှာ ဧပြီ ၂၂ရက် မွန်းတည့် ၁၂နာရီက ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့ကြောင်းသိရသည်။
ဧပြီလ ၂၁ရက်နေ့ မွန်းလွဲ၁နာရီခန့်က လမ်း၈၀ ၁၃×၁၄လမ်းကြားရှိ ကျုံးရေပြင်အတွင်းသို့ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်(၅၄)၊ တောင်တလုံးဝင်း၊ ၁၃×၁၄လမ်းကြား၊ ၈၀×၈၁လမ်းကြားနေ မအေးစုစုထွေး(ခ)အိုင်အေးရှား၊ အသက်(၂၀)နှစ်သည် ၎င်း၏ သားဖြစ်သူ ရှိုင်းအာကာအောင်(ခ)မွတ်စ်တာဖါရ်၊ အသက်(၇)
လကို ပွေ့ချီ၍ ခုန်ချသေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ရာ မအေးစုစုထွေး(ခ)အိုင်အေးရှားမှာ သေဆုံးလျက် ဆယ်ယူရရှိ၍ ရှိုင်းအာကာအောင်(ခ)မွတ်စ်တာဖါရ်ကို အသက်ရှင်လျက် ကယ်ဆယ်ရရှိကာ မန္တလေးဆေးရုံကြီးမှတဆင့် ကုတင် ၅၅၀ဆံ့ကလေးဆေးရုံကြီး အထူးကြပ်မတ်ကုဆောင်၌ ဆေးဝါးကုသမှုခံယူရင်း ဧပြီလ ၂၂ရက် မွန်းတည့် ၁၂နာရီတွင် သေဆုံးသွားခဲ့ရာ အလောင်းကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိသည်။
သေဆုံးမှုနှင့် ပတ်သက်၍ မွန်းလွဲ ၁နာရီခွဲအချိန်တွင်အမှတ်(၂)နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁၉/၂၀၁၇) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
မအေးစုစုထွေး(ခ)အိုင်အေးရှားသည် အသက် ၁၄နှစ်အရွယ်ခန့်က ငှက်ဖျားရောဂါပိုးကြောင့် တစ်ခါတစ်ရံ စိတ်ကျန်းမာရေးချို့တဲ့မှု ခံစားရသဖြင့် ဆေးဝါးကုသမှုခံယူခဲ့ရဖူးသူဖြစ်ကာ မီးဖွားပြီးမှ ရောဂါပြန်ဖြစ်လာ၍ ခင်ပွန်းဖြစ်သူနှင့် မိသားစုမှ ဆေးဝါးကုသပေးလျက်ရှိကြောင်း မအေးစုစုထွေး(ခ)အိုင်အေးရှား၏ အဖိုးဖြစ်သူက ပြောကြားသည်။
( Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

No comments: