ဖားစားသူတွေ သတိထား
တောင်ကိုရီးယား လူမျိုး တယောက် ဖားပြုပ်သား စားပြီး အဆိပ်သင့်လို့ အသက် သေဆုံးသွားခဲ့ပါတယ်။
တောင်ကိုရီးယား ရဲတပ်ဖွဲ့ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်မှာ သေဆုံးသူဟာ မတ်လတုန်းက Daejeon မြို့နားက ရေလှောင်ကန် တခုမှာ ဖား ၅ ကောင်ကို ဖမ်းမိခဲ့တဲ့ အမျိုးသား အုပ်စု ထဲကလို့ ဆိုပါတယ်။
သူတို့ဟာ ဖမ်းမိတဲ့ ဖားတွေကို လူစားသုံးလို့ ဘေးမဖြစ်တဲ့ ဖား အမျိုးအစားလို့ ထင်ပြီး နောက် ရက်အနည်းငယ် အကြာ စားသောက်ဆိုင် တဆိုင်မှာ ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။
အဲဒီမှာ အသက် ၅၇ နှစ် အရွယ် သေဆုံးသွားသူ အမျိုးသားဟာ စားပြီးပြီးချင်း ပျို့အန်လာလို့ ဆေးရုံ ပြေးခဲ့ရပြီး နောက်နေ့ မနက်မှာ အသက်ဆုံးရှုံးသွားခဲ့ရတာပါ။
အတူ စားခဲ့ကြတဲ့ အခြား လူတွေလည်း အလားတူ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပေမယ့် အသက်သေဆုံးရတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး။
သူတို့ဟာ ဘယ်လို ဖားပြုပ် အမျိုးအစားကို စားခဲ့သလဲ ဆိုတာ အသေအချာ မသိသေးပေမယ့် ဖားပြုပ်ညိုကြီးတမျိုး ဖြစ်တဲ့ Cane Toad ဆိုရင် လူ့ အသက်ကို အန္တရာယ် ဖြစ်စေတဲ့ အဆိပ်ဓာတ်တမျိုးကို အရေပြားကတဆင့် ထုတ်နိုင်စွမ်းပါတယ်။
ဖားပြုပ် မျိုးကွဲ တချို့ဟာ သူတို့ အန္တရာယ်ကျရောက်ပြီလို့ သဘာဝ အသိနဲ့ သိချိန်မှာ အလိုအလျောက် အဆိပ်ဓာတ် တမျိုးကို ထုတ်လေ့ရှိပါတယ်။
အဆိပ်ရှိ ဖားပြုပ်မျိုးတွေမှာ တွေ့ရလေ့ရှိတဲ့ ဘူဖိုတနင် (Bufotenin) ဓာတုဓာတ်တမျိုးကို သူတို့ စားခဲ့တဲ့ အစားအစာ အကျန်တွေထဲမှာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီဓာတ်ဟာ ပမာဏများများ စားသုံးမိရင် အသက် ဆုံးရှုံးတတ်ပါတယ်။
တောင်ကိုရီးယားရဲ့ တချို့ ကျေးလက်ဒေသတွေမှာ အသားစား ဖားကြီးမျိုး ဖြစ်တဲ့ Bullfrog လို ဖားမျိုးကို ထူးခြားဟင်းလျာအဖြစ် စားလေ့ရှိကြတယ်လို့ ဘီဘီစီရဲ့ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ သတင်းထောက် စတီဖင် အဲဗန်က ဆိုပါတယ်။
မြန်မာပြည်မှာကော လူကို ဥပဒ်ဘေး မဖြစ်စေဘဲ ဘယ်လို ဖားအမျိုးအစားတွေကို စားကြလေ့ရှိပါသလဲ၊ ဘီဘီစီပရိသတ်ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေ အများကို ဝေငှနိုင်ဖို့ အောက်မှာ မှတ်ချက်ပြုပေးကြပါဦးနော်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese

No comments: